ဩဂုတ် ၁၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
မြန်မာတစ်နိုင်ငံလုံး အာဏာရှင်စနစ်လက်အောက်မှလွတ်မြောက်၍ ကိုယ်ပိုင်ပြဌာန်း ခွင့်နှင့်တန်းတူညီမျှရှင်သန်နိုင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွက် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းတိုက်ပွဲဝင်နေကြောင်း ကရင်နီအမျိုး သားတိုး တက်ရေးပါတီ -KNPP က ယနေ့ကျရောက်သည့် ကရင်နီပြည်တပ်မတော်နေ့ (၇၅)နှစ်မြောက် အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာတွင် ပြောဆိုထားသည်။
ကရင်နီပြည်နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုများသာမက အခြားတိုင်း ရင်းသားလက်နက်ကိုင်များဖြင့်ပါ ပူးပေါင်းလုပ်ဆောင်လျက်ရှိသော KNPP အုပ်ချုပ်မှု လက်အောက်ရှိ ကရင်နီပြည်တပ်မတော်အနေဖြင့် စစ်ကောင်စီနှင့် တိုက်ပွဲဖော် ဆောင်ရာ၌ ကရင်နီပြည်သူတို့၏ အကျိုးတစ်ခုတည်းအတွက်သာ မဟုတ်ကြောင်း ထိုသဝဏ်လွှာတွင် ဖော်ပြပြောဆိုထားသည်။
ထို့အပြင် ကရင်နီပြည်တပ်မတော်အား ဖဆပလ ကျူးကျော်မှုကြောင့် ဆုံးရှုံးခဲ့ရသည့် ကရင်နီအမျိုးသားများ၏ ပြဌာန်းပိုင်ခွင့်နှင့် ပြည်သူတို့ကို ကာကွယ်ရန်၊ ဖိနှိပ်မှုမှ လွတ် မြောက်ရန် ရည်ရွယ်၍ ဖွဲ့စည်းတည်ထောင်ခဲ့သည်ဟုလည်း သဝဏ်လွှာတွင် ဆက်လက်ဖော်ပြထားသည်။
ကရင်နီပြည်တပ်မတော်ကို ၁၉၄၈ ခုနှစ်၊ ဩဂုတ်လ(၁၇)ရက်နေ့တွင် ဖွဲ့စည်းတည် ထောင်ခဲ့ပြီး KNPP လက်အောက်တွင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် ပူးပေါင်းတိုက်ပွဲများဆင်နွှဲလျက်ရှိရာ ယနေ့တွင် (၇၅)နှစ်မြောက်ခဲ့ခြင်းဖြစ်သည်။
ထို့အတူ ကရင်နီတပ်မတော်ထိန်းချုပ်နယ်မြေတစ်နေရာတွင် ကျင်းပခဲ့သော ကရင်နီ ပြည်တပ်မတော်၏ (၇၅)နှစ်ပြည့်အခမ်းအနားကို ကရင်နီတပ်မတော်မှ အရာရှိများ၊ တပ်ဖွဲ့ဝင်များနှင့် ပြည်သူများ တက်ရောက်ဂုဏ်ပြုခဲ့ကြပြီး ပေးပို့လာသော သဝဏ် လွှာများ ဖတ်ကြားခြင်း၊ အမှာစကားများပြောကြားခြင်းတို့ ပြုလုပ်ခဲ့ကြကြောင်း ဒေသတွင်း သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။



















