Home သတင်း သောင်ရင်းမြစ်ရေကြီးသဖြင့် နယ်စပ်ဖြတ်ကျော် ထိုင်းကျောင်းသွားတက်သော ကျောင်းသား/ကျောင်းသူများ သွားလာရေးခက်ခဲ

သောင်ရင်းမြစ်ရေကြီးသဖြင့် နယ်စပ်ဖြတ်ကျော် ထိုင်းကျောင်းသွားတက်သော ကျောင်းသား/ကျောင်းသူများ သွားလာရေးခက်ခဲ

912

ဩဂုတ်လ ၁၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

သောင်ရင်းမြစ်ကိုဖြတ်ကူး၍ ထိုင်း-မြန်မာနယ်စပ်ရှိ ထိုင်း အစိုးရစာသင်ကျောင်းများတွင် ကျောင်းသွားတက်ရသော ကျောင်းသားကျောင်းသူများ မြစ်ရေကြီးမှုကြောင့် သွားလာရေးအခက်အခဲရှိနေကြောင်း ကျောင်းသားမိဘအုပ်ထိန်းသူများ၏ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းမှစ၍ မြန်မာနိုင်ငံတောင်ပိုင်းရှိ တိုင်းနှင့်ပြည်နယ် အများစုတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်၊ ချောင်းရေမြင့်တက်မှုများ ဖြစ်ပွား လျက်ရှိသလို ထိုင်း-မြန်မာနယ်စပ်ရှိ သောင်ရင်းမြစ်ရေ မြင့်တက်လာမှုကြောင့် မြန်မာနိုင်ငံ နယ်စပ်ဘက်ခြမ်းမှ ထိုင်းနယ်စပ်ဘက်ခြမ်းရှိ အစိုးရ စာသင် ကျောင်းများတွင် ကျောင်းသွားတက်ရသော ကျောင်းသားကျောင်းသူများ သွားလာရ အခက်အခဲဖြစ်နေကြောင်း ကျောင်းသားမိဘ တစ်ဦးက ပြောသည်။

“အတန်းငယ်လေးတွေကိုတော့ ဆရာ၊ ဆရာမတွေက နားလည်မှုနဲ့ ကျောင်း အနားပေးထားတယ်။ အတန်းကြီးတချို့သွားနေကြတာရှိတယ်။ ဒါပေမယ့် မြစ်ကိုဖြတ်သွားတာ မဟုတ်ဘူး။ ထိုင်းဘက်ခြမ်းမှာ သွားအိပ်နေပြီး ကျောင်းတက်ရတာ တော်တော်များများ ကျောင်းမတက်နိုင်ကြဘူး။ ကျမ ကလေးကိုလည်း မြစ်ဖြတ်ရမှာကြောက်လို့ ကျောင်းပေးမတက်သေးဘူး” ဟု ၎င်းက ပြောသည်။

သောင်ရင်းမြစ်ရေ မြင့်တက်မှုကြောင့် ကမ်းစပ်ရှိ ဈေးဆိုင်များ နေအိမ်များတွင် ရေများဝင်ရောက်နေသဖြင့် ကမ်းစပ်ရှိနေထိုင်သူအချို့ နေရာပြောင်းရွှေ့နေထိုင်နေရသလို မြစ်ရေအစီးသန်လွန်းသည့်အတွက် လှေဖြတ် ကူးရန် အန္တရာယ်များကြောင်း သောင်ရင်းမြစ်ကမ်းနေဒေသခံများက လည်း ပြောဆိုကြသည်။

အခြားကျောင်းသားမိခင်တစ်ဦးကလည်း “ရေတွေကြည့်တာနဲ့တင် ကြောက်နေပြီ ကျမကလေးကို ကျောင်းမပို့ရဲဘူး။ ဇူလိုင်ကုန်ကတည်းကဆိုတော့ တစ်ပတ်ကျော် လာပြီပေါ့။ တံတားတွေ၊ လမ်းတွေပျက်နေတော့ အတက်အဆင်းလုပ်တဲ့ ကားတွေလည်း မသွားနိုင်ဘူး။” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုင်းအစိုးရစာသင်ကျောင်းများအပြင် မြန်မာနယ်စပ်ဘက်အခြမ်းရှိ ကရင်စာပေနှင့်ယဥ်ကျေးမှုဌာန လက်အောက်ရှိ ကော်သူးလေပညာရေး ကျောင်းအချို့လည်း မြစ်ရေကြီးမှုကြောင့် ကျောင်းလာတက်သော ကျောင်းသား ကျောင်းသူ နည်းပါးသဖြင့် လတ်တလောတွင် ယာယီကျောင်းပိတ်ပေးထားရသည်ဟု ဒေသခံများကလည်း ပြောဆိုထားသည်။

ထို့အတူ မိုးများပြီး သံလွင်မြစ်နှင့် ဘီးလင်းမြစ်ရေ မြင့်တက်မှုများရှိလာသောကြောင့် ဖားအံ၊ ကော့ကရိတ်၊ ဖာပွန်၊ လှိုင်းဘွဲနှင့် မြဝတီ အစရှိသည့် မြစ်နှင့်နီးရာ မြို့နယ် အတွင်းမြေအနိမ့်ပိုင်းများတွင် ရေဖုံးလွှမ်းလျက်ရှိနေသလို လမ်းနှင့်မြေသားများ ပြိုကျပျက်စီးကာ သွားလာရေးလည်း ခက်ခဲလျက်ရှိနေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

အလားတူ ယနေ့မနက်ပိုင်းမှစ၍ ဘီးလင်းမြစ်ရေနှင့်သံလွင်မြစ်ရေသည် အနည်းငယ် ကျဆင်းလာသော်လည်း စိုးရိမ်ရေအမှတ်ထက်တွင် ဆက်လက်တည်ရှိနေဆဲဖြစ်သလို တနင်္သာရီကမ်းရိုးတန်းနှင့်ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် နောက်ထပ် (၂၄)နာရီအတွင်း နေရာအနှံ့ မိုးဆက်လက်ရွာသွန်းမည်ဖြစ်ကြောင်းလည်း စစ်ကောင်စီ လက်အောက်ရှိ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန က ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။