Home သတင်း မြေပြိုပျက်စီးသွားသည့် မြဝတီအာရှလမ်းမကြီးလမ်းပိုင်းကို ဘေလီတံတားဖြင့် တစ်လအတွင်း ပြုပြင်မည်ဟု စစ်ကောင်စီပြော

မြေပြိုပျက်စီးသွားသည့် မြဝတီအာရှလမ်းမကြီးလမ်းပိုင်းကို ဘေလီတံတားဖြင့် တစ်လအတွင်း ပြုပြင်မည်ဟု စစ်ကောင်စီပြော

1025
Photo: Crd.

သြဂုတ်လ ၁၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မြဝတီ−ကော့ကရိတ်အာရှလမ်းမကြီးသစ် တောနော်ရေတံခွန်အနီးတွင် ပြီးခဲ့သည့် သြဂုတ်လ ၇ ရက်နေ့က မိုးကြီး၍ ပြိုကျပျက်စီးသွားသည့် ကားလမ်းပိုင်းကို ယာယီဘေလီတံတားဖြင့် တစ်လအတွင်း ပြုပြင်သွားမည်ဖြစ် ကြောင်း စစ်ကောင်စီလက်အောက်ခံ မြန်မာ့အလင်းသတင်းစာက ယနေ့သြဂုတ်လ ၁၀ ရက်နေ့တွင် ထုတ်ပြန် ထားသည်။

အဆိုပါ ပျက်စီးသွားသည့်လမ်းပိုင်းကို ကရင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုး မင်းနောင် ဦးဆောင်ပြီး လမ်းဦးစီးဌာန ညွှန်ကြားရေမှူးချုပ်နှင့် တာဝန်ရှိသူများက သွားရောက်လေ့လာခဲ့ကာ ထိုင်း−မြန်မာကုန်စည်စီးဆင်းနေသည့် အဓိကလမ်းပိုင်းဖြစ်သောကြောင့် ပျက်စီးသွားသည့် လမ်းပိုင်းနေရာ ပေါ်တွင် ယာယီ ဘေလီတံတား အရှည်ပေ ၂၀၀ ခန့်ထိုးပေးသွားမည်ဟု စစ်ကောင်စီ လက်အောက်ခံ မြန်မာ့အလင်း သတင်းစာက ဖော်ပြထားသည်။

ထိုသို့ စစ်ကောင်စီက ဘေလီတံတားဖြင့် အစားထိုးသွားလာနိုင်ရန် ပြုပြင်ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု ဖော်ပြထားသော်လည်း တကယ့်လက်တွေ့မြေပြင်တွင် သွားလာရန် အန္တရာယ်များနိုင်ကြောင်း ၎င်းလမ်းပိုင်းကို အသုံးပြုသွားလာနေသည့် ယာဉ်မောင်းတစ်ဦးက ယခုလို ပြောသည်။

“မြေသားတွေက ပျော့တော့ မလွယ်လောက်ဘူးထင်တယ်။ တကယ်ဆောက်ပြီးသွားခဲ့ရင်လည်း သွားဖို့က နည်းနည်းကြောက်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ မြေကအောက်ခံအပျော့သားက များသွားပြီးလေ။ အချိန်မ ရွေးလည်း ပြန်ပြိုနိုင်သလို ပြန်ပြီးလည်းပျက်စီးနိုင်တယ်။ ထို့ကော်ကိုးလမ်းကလည်း သွားဖို့မလွယ်ဘူး။ ဗွက်တွေတအား များတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ မိုးအဆက်မပြတ်ရွာသွန်းပြီး သဘာဝဘေးကြောင့် ပျက်စီးခဲ့သည့် လမ်းပိုင်းသည် ထိုင်း−မြန်မာ ကုန်စည်စီးဆင်းမှုနှင့် လမ်းပန်းဆက်သွယ်ရေးအတွက် အဖက်ဖက်မှ အဓိကအချက်အချာကျ အသုံးပြုသွား လာနေသည့် လမ်းပိုင်းတစ်ခုလည်း ဖြစ်သည်။

Photo: Crd.

ထို့အပြင် စစ်ကောင်စီတပ်ဘက်မှ ပျက်စီးသွားသည့် လမ်းပိုင်းကို တစ်လအတွင်းယာယီဘေလီတံတား ပြုပြင် ခြင်းသည် စစ်ကောင်စီတပ်၏စီးပွားရေး၊ ထောက်ပို့လမ်းကြောင်းများကို ပြန်လည်သွားလာနိုင်ရန် ပြုလုပ်နေခြင်း ဖြစ်သလို တော်လှန်ရေးပူးပေါင်းတပ်ဘက်မှလည်း စစ်ကောင်စီတပ်၏ ထောက်ပို့ယာဉ်တန်းများကို ပုံမှန် အတိုင်းတိုက်ခိုက်နေမည်ဖြစ်ကြောင်း ဘီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “လက်ရှိအနေအထား လမ်းပိုင်းပျက်စီးသွားတဲ့အခါကျတော့ သူတို့ဘက်ကတော့ နဂိုကတည်းက ရုန်းကန် ပြီးတော့သွားနေရတဲ့ အနေအထားမှာ စစ်ကောင်စီဘက်က သူတို့ရဲ့ခက်ခဲတာတွေကို အမြန်ပြန်လုပ်နေ တာလို့ပဲ သတ်မှတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အတွက် ကုန်သွယ်စီးပွားရေးဇုန်လည်းဖြစ်တယ်။ ထောက်ပို့ လမ်းကြောင်းတွေလည်းဖြစ်နေတော့ သူတို့ဒါကိုပဲ အားဖြည့်ပြီးရုန်းကန်ပြီးလှုပ်ရှားနေရတာ။ စစ်ရေး အနေ အထားအရ ပြောရမယ်ဆိုရင် ဒီဘက်ကိုလည်းစီးပွားရေးအနေနဲ့ လက်လွှတ်မှာလည်း ကြောက်တယ်။ နယ်မြေထိန်းသိမ်းခံရမှာကိုလည်း စိုးရိမ်တယ်။”ဟု ကေအိုင်စီသို့ပြောသည်။

စစ်ကောင်စီ၏ လက်အောက်ခံဌာနဆိုင်ရာများက ပျက်စီးခဲ့သည့် လမ်းပိုင်းကို ဘေလီတံတားထိုးရန် ပေ ၃၀၀ ခန့်ရှိသည့် ချဉ်းကပ်လမ်းသစ်ကို တောင်ဖြတ်၍ဖောက်လုပ် ပြုပြင်မှာဖြစ်ပြီး အရှည် ၈၀၀ ခန့်ရှိသည့် ရှောင်ကွင်း လမ်းကိုလည်း ပြုလုပ်မှာြဖစ်သလို ကုန်တင်ကားကြီးများ ဖြတ်သန်းသွားလာနိုင်ရန်အတွက်လည်း အရှည် ၂၀၀ ပေရှိသည့် ဘေလီတံတားကို ၁ လအတွင်း ဆောက်လုပ်သွားမှာဖြစ်ကြောင်း မြန်မာ့အလင်း သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

အလားတူ မြဝတီ−ကော့ကရိတ်အာရှလမ်းရှိ လမ်းပိုင်းပျက်စီးမှုများနှင့် မြေကြီးပြိုကျမှုများကြောင့် ၎င်းလမ်း ပိုင်းတွင် သွားလာမှုပြုလုပ်နေသည့် ကုန်တင်ယာဉ်၊ ခရီးသည်ယာဉ်များအနေဖြင့် ယခင်အသုံးပြုခဲ့သည့် တောင် ပေါ်လမ်းဟောင်းကိုပြောင်းလဲအသုံးပြုနေရပြီး မိသားစုစားဝတ်နေရေးအတွက် မဖြစ်မနေသွားလာနေရ ကြောင်းလည်း ကုန်တင်ယာဉ်မောင်းများက ဆိုသည်။