ဩဂုတ်လ ၁၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်အတွင်း စစ်တောင်းမြစ်ရေတက်၍ ကျေးရွာ ရပ်ကွက်အချို့ ရေနစ်မြှုပ်ရာမှ စစ်ရှောင်ရိက္ခာထောက်ပံ့သည့် လမ်းပိုင်း ရေကျော်ပြီး သယ်ယူပို့ဆောင်ရေး အခက်အခဲတွေ့ကြုံနေရကြောင်း ဒေသအတွင်း စစ်ရှောင်ကူညီရေးအဖွဲ့များထံမှ သိရသည်။
ထိုသို့လမ်းပိုင်းရေကျော်လာသည့်အတွက် ထောက်ပံ့ရိက္ခာထုပ် သယ်ယူပို့ဆောင်ရာတွင် လူအား၊ မော်တော်ယာဥ်အား အသုံးပြုငှားရမ်းခပေး၍ ဖြတ်ကျော်ပို့ဆောင်နေရကြောင်း ကရင်အရပ်ဘက်စစ်ရှောင်ကူညီရေးအဖွဲ့ဝင် အမျိုးသားတစ်ဦးက ပြောသည်။
“ရေကျော်တဲ့လမ်းပိုင်းရောက်တဲ့အထိ ဆိုင်ကယ်နဲ့လာရတယ်၊ ဆိုင်ကယ်တစ်စီးကို မြန်မာငွေ လေးထောင်ပေးရတယ်။ ရေကျော်တဲ့နေရာရောက်တော့ အထုပ်တစ်ထုပ်စာနှုန်း ဘယ်လောက်ဆိုပြီး လူငှားထမ်းရပြန်ရော။ ရေတက်နေတာ ကျနော့်လည်ပင်းနားလောက်ထိ ရှိတယ်။ အရင်ရက်ကဆို ခါးလောက်ပဲရှိသေးတာ” ဟု အဆိုပါ အမျိုးသားက ပြောသည်။
စစ်တောင်းမြစ်ရေများ တိုးမြင့်လာခြင်းမှာ ယခုရက်ပိုင်းအတွင်း ပိုမိုဆိုးဝါးလာပြီး ဆက်လက်မြင့်တက်နိုင်ဖွယ်ရာရှိကြောင်း၊ စစ်ကောင်စီဘက်ကလည်း ညောင်လေး ပင်ခရိုင်အတွင်း စားနပ်ရိက္ခာနှင့်ဆေးဝါးများ သယ်ယူပို့ဆောင်ခွင့်အား ကန့်သတ် တားမြစ်ထားသောကြောင့် အဆိုပါလမ်းပိုင်းကိုသာ အားထားပို့ဆောင်နေရသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ထို့အတူ ပြီးခဲ့သည့်လပိုင်းက စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုခံခဲ့ရသော နတ်သံကွင်းမြို့အတွင်းနေ ဒေသခံများ ပဲနွယ်ကုန်း ဘက်သို့ ဖြတ်သန်း သွားလာလိုပါက စစ်ကောင်စီမှ ဖြတ်သန်းသွားလာလိုသော ဆိုင်ကယ်နှင့် လူဖြတ်သန်းခများ ကောက်ခံနေသလို စားနပ်ရိက္ခာအမြောက်အမြား တင်ဆောင်သွားလာခွင့်လည်း မပြုထားကြောင်း ဒေသတွင်းသတင်းအရင်း အမြစ်များထံမှ သိရသည်။
မုန်းမြို့ခံတစ်ဦးက “နတ်သံကွင်းကနေ ဈေးဝယ်ဘာဝယ် စစ်တောင်းမြစ်ကို ဖြတ်ကူး မယ်ဆိုရင် စစ်တပ်က ဆိုင်ကယ်တစ်စီးကို ဖြတ်ခဘယ်လောက် လူတစ် ယောက်ဖြတ်ခ ဘယ်လောက်ဆိုပြီး ကောက်တယ်။ လူနဲ့ဆိုင်ကယ်နဲ့ ကတော့ ဖြတ်ခ ပေးပြီး ဖြတ်လို့ရတယ်။ ဆီကို ပုံးလိုက်တို့၊ ကုန်ခြောက်တို့ စားစရာအကုန်လုံးပေါ့ အများကြီးသယ်ပြီး သွားလို့မရဘူး။ စစ်တပ်က ပေးမသွားဘူး” ဟု ကေအိုင်စီသို့ ပြောသည်။
ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီက ဆေးဝါးနှင့်ရိက္ခာ ပို့ ဆောင်သယ်ယူခွင့်အား ကန့်သတ်တားမြစ်ထားသည်မှာ လချီကြာမြင့် နေပြီးဖြစ်သောကြောင့် နည်းလမ်းရှာဖွေ၍ ပို့ဆောင်ထောက်ပံ့နေရသော်လည်း ယခုလိုရေကြီးရေလျှံမှုများ ထပ်မံဖြစ်ပွားသောကြောင့် စစ်ဘေးရှောင်များအတွက် ထောက်ပံ့ရေးနှင့်သွားလာရေးအပိုင်းတွင် အခက်အခဲများစွာ တွေ့ကြုံနေရကြောင်း သိရသည်။
အလားတူ တိုက်ပွဲများကြောင့် စစ်ရှောင်နေရသော ဒေသခံပြည်သူများအတွက်လည်း စစ်ကောင်စီ၏သွားလာရေးပိတ်ဆို့မှုများအကြား လိုအပ်သော ရိက္ခာအထောက် အပံ့များ ရရှိရန် စိန်ခေါ်မှုရှိနေသည့်အပြင် ရေဘေးပါထပ်မံရင်ဆိုင်နေရ၍ အမိုးအကာနှင့်နေရာထိုင်ခင်းလိုအပ်ချက်ရှိနေကြောင်း ဒေသခံများကလည်း ပြောဆို ထားသည်။



















