ဩဂုတ်လ ၁၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
စစ်တပ်၏ မတရားအာဏာသိမ်းမှုကြောင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်-NCA ပျက်ပြယ် သွားပြီဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ ပဒိုစောတာဒိုမူးက ယနေ့ ဩဂုတ်လ (၁၀)ရက်နေ့တွင် ပြုလုပ်သည့် (၁၇)ကြိမ်မြောက် အစည်းအရုံးကွန်ဂရက်အပြီး ပထမဦးဆုံး ရက်(၁၀၀)အတွင်း လုပ်ဆောင်ခဲ့မှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။
ပဒိုစောတာဒိုမူးက“ NCA နဲ့ပတ်သက်လို့ ကျနော်တို့ လိုက်နာစရာအကြောင်းမရှိတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ NCA ရဲ့ နှလုံးသားဖြစ်တဲ့ အခန်း (၁)အခြေခံမူကို နင်းချေဖျက်ဆီးလိုက်တာက စစ်တပ်ဖြစ်ပါတယ်။ အဲဒီ အတွက်ကြောင့် NCAရဲ့အခန်း(၁)ဟာ NCA တစ်ခုလုံးရဲ့နှလုံးသားဖြစ်ပါတယ်။ အဲဒါကို ဖျက်ဆီးလိုက်တဲ့အတွက် NCA ဟာ မရှိတော့ပါဘူး။ အဲဒီအတွက်ကြောင့် ဒီ NCA ကို အသုံးပြုပြီးတော့ ကျနော်တို့ကို နိုင်ငံတကာလှည့်စား ခြင်းသော်လည်းကောင်း၊ ပြည်သူလူထုကို လှည့်စားခြင်းသော်လည်းကောင်းလုပ်တဲ့ကိစ္စက ကျနော်တို့နဲ့ဘာမှမဆိုင်ဘူးဆိုတာလေးကို ပြောကြားချင်ပါတယ်။”ဟု ပြောသည်။
ကေအဲန်ယူ၏ နိုင်ငံရေးရည်မှန်းချက်ဖြစ်သည့် ကရင်တစ်မျိုးသားလုံးအတွက် တရားမျှတရေး၊ တန်းတူရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေးနှင့် တစ်နိုင်ငံလုံး ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေးကို ဆက်လက် ဆုပ်ကိုင် ထားပြီး စစ်အာဏာသိမ်းယူမှုကို ဖယ်ရှားပြီးနောက်တွင် ကေအဲန်ယူအနေဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ဖက် ဒရယ်ဒီမိုကရေစီစနစ်ကျင့်သုံးသည့်ကော်သူးလေဖက်ဒရယ်ယူနစ်တစ်ခုကို ပီပီပြင်ပြင်ပေါ်ထွန်းအောင် ကြိုး စားပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပဒိုစောတာဒိုမူးက ဆက်ပြောသည်။
ဒီမိုကရေစီထူထောင်နိုင်ရန်အတွက် စစ်တပ်မှ နိုင်ငံရေးတွင် မပါဝင်သင့်သလို ကေအဲန်ယူ ချမှတ်ထားသည့် နိုင်ငံရေးရည်မှန်းချက်(၄)ရပ်ထဲတွင် မြန်မာ့နိုင်ငံရေးတွင် လုံးဝပါဝင်ခွင့်မရှိသည့် စစ်တပ်ကို တည်ဆောက်ရန်၊ ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ရေးဆွဲရန်၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု အကောင်အထည်ဖော်ရန်လိုသလို နိုင်ငံသစ်ထူထောင်ရေးအဆင့်တိုင်းတွင် နိုင်ငံတကာပါဝင်သည့် အခန်းကဏ္ဍကို သဘောတူပါဝင်စေရန်ဖြစ်သည်ဟု သတင်းစာရှင်းလင်းပွဲတွင် ကေအဲန်ယူက ပြောဆိုသည်။
အွန်လိုင်းအစီအစဉ်ဖြင့် ပြုလုပ်သည့် ယနေ့ ကေအဲန်ယူ သတင်းစာရှင်းလင်းပွဲတွင် ၁၇ကြိမ်မြောက် ကွန်ဂရက်အပြီး ရက် ၁၀၀ပြည့်လုပ်ဆောင်ခဲ့သည့် လုပ်ဆောင်ချက်များသော်လည်းကောင်း ၊ အနာဂတ် သက်တမ်း (၄) နှစ်အတွက် လုပ်ဆောင်မည့် ဦးစားပေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းချပြသွားခဲ့ခြင်းဖြစ်သည်။
ရှင်းလင်းပွဲတွင် (၁၇)ကြိမ်မြောက် ကွန်ဂရက်ဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာရပ်တည်ချက်နှင့် ရှေ့ဆက် လုပ်ငန်းစဉ် ဆိုင်ရာ၊ အုပ်ချုပ်ရေး၊ စစ်ရေး၊ အဖွဲ့အစည်းအတွင်း ပြုပြင်ပြောင်းလဲမှုများ၊ အမျိုးသမီး ခေါင်းဆောင်မှု အခန်းကဏ္ဍတည်ဆောက်ရေး၊ ပြည်သူ့ရေးရာဝန်ဆောင်မှုကဏ္ဍ၊ ပညာရေးဆိုင်ရာ၊ မဟာမိတ်နှင့် နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာ၊ လူသားချင်းစာနာမှုဆိုင်ရာ စသည့်အကြောင်းအရာများကို ရှင်းလင်းခဲ့သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ကေအဲန်ယူ၏ စစ်ရေးအခြေအနေသည် ကေအဲန်ယူနယ်မြေဒေသမြောက်ဘက်ရှိ စစ်တောင်းမြစ်အနောက်ဘက်ကမ်း၊ တောင်ဘက်ခြမ်းရှိ ရေး၊ ထားဝယ်ကားလမ်းအပြင် သထုံ-ဘီးလင်း-ကျိုက်ထို အမြန်ကားလမ်းမများအထိ စစ်ဆင်ရေးလုပ်ဆောင်နိုင်ခဲ့သလို နယ်မြေများပိုမိုထိန်းချုပ်နိုင်ပြီး စစ်ကောင်စီ တပ်စခန်းအများအပြားလည်း သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဗဟိုစစ်ဦးစီး ပထမတန်း ဗိုလ်မှူးချုပ် စောတာမလာသောက သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။
၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ဦးသိန်းစိန်ဦးဆောင်သည့် မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတို့ကြား စတင်ချုပ်ဆိုခဲ့သည့် NCA အပစ်ရပ်စာချုပ်တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း ၁၀ ဖွဲ့က လက်မှတ်ရေးထိုးထားခြင်းဖြစ်သည်။



















