Home သတင်း ရွှေကုက္ကိုလ်ဒေသတွင် ပြည်မမှ လာရောက်လုပ်ကိုင်သူနှင့် ကျေးရွာနေပြည်သူများ အလုပ်လက်မဲ့ဖြစ်လာနေ

ရွှေကုက္ကိုလ်ဒေသတွင် ပြည်မမှ လာရောက်လုပ်ကိုင်သူနှင့် ကျေးရွာနေပြည်သူများ အလုပ်လက်မဲ့ဖြစ်လာနေ

767
Photo: Crd.

သြဂုတ်လ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက်ရှိ ရွှေကုက္ကိုလ်ဒေသတွင် ယခုတလော အလုပ်အကိုင်များရှားပါးလာ၍ ပြည်တွင်းမှလာရောက်လုပ်ကိုင်သူနှင့် ကျေးရွာနေပြည်သူများမှာ အလုပ်လက်မဲ့ဖြစ်လာနေကြကြောင်း ဒေသခံများက ပြောသည်။

အဆိုပါဒေသအတွင်းရှိ ရပ်ကွက်များတွင် လျှပ်စစ်မီးပုံမှန်မရခြင်းနှင့် တရုတ်အွန်လိုင်းကာစီနိုလုပ်ငန်းတစ်ချို့ လည်းရပ်နားလိုက်ခြင်းနှင့် တရုတ်ဆိုက်ဘက်သို့ သွားလာရန်အဝင်အထွက်ကဒ်များကိုလည်း နယ်ခြားစောင့်တပ်-BGF တပ်နှင့် လုပ်ငန်းရှယ်ရာဝင် ပိုင်ရှင်များကိုသာ ထုတ်ဝေပေးခြင်းကြောင့် ၎င်းဒေသရှိ ပြည်သူများအနေဖြင့် အလုပ်အကိုင်ရှားပါးပြီး ခက်ခဲမှုများရှိလာသည်ဟု ရွှေကုက္ကိုလ်ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“အလုပ်လည်းမရှိတော့ဘူး။ ဘယ်လိုဖြစ်လဲဆိုတော့ မီးမလာ၊ ရေမလာဘူးလေ။ အလုပ်သစ်တွေလည်း ရှာနေ ကြတာပဲ။ ဟိုတစ်ခါ စစ်ဖြစ်တုန်းကနဲ့ ဒီလိုအလုပ်တွေပါးလာတာ။ မြန်မာတရုတ်တွေလည်း ပြန်ကုန်ကြပြီး။ တရုတ်တွေသိပ်မရှိကြတော့ အလုပ်တွေပါးကုန်တယ်။ အရင်ကလောက်လည်း ဝင်ထွက်ဖို့မလွယ်ကူတော့ဘူး။ တော်တော်ခက်ကုန်ပြီး။ သူတို့ တရုတ်ဆိုက်ထဲဝင်ရင် ကဒ်ထုတ်ထားပေးတယ်။ ရပ်ကွက်ထဲက ရွာသား တွေ ဆို ရင် တရုတ်ဘက်မှာ အလုပ်မရတော့ဘူး။ BGF ရဲ့စီးပွားရေး လုပ်ငန်းရှင်ကြီးတွေပဲ အဲ့ကဒ်ရကြတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ရွှေကုက္ကိုလ်ဒေသအတွက် ထိုင်းနိုင်ငံဘက်ကပေးသည့် လျှပ်စစ်မီးများကို ပြီးခဲ့သည့် ဇွန်လ (၆) တွင် ဖြတ် တောက်လိုက်သလို WIFI အင်တာနက်လိုင်းများကိုလည်း ဇွန်လ ၂၀ ရက်နေ့မှစ၍ ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။ ထိုသို့ WIFI အင်တာနက်လိုင်းများနှင့် လျှပ်စစ်မီးကို ထိုင်းနိုင်ငံဘက်ခြမ်းက ဖြတ် တောက် လိုက်သောကြောင့် လျှပ်စစ်မီးနှင့် အင်တာနက်ကို အဓိက အားထားအသုံးပြုရသည့် လုပ်ငန်းများ ရပ်နား လိုက်ရခြင်းဖြစ်သည်။

ရွှေကုက္ကိုလ်ဒေသတွင် အလုပ်အကိုင်ရှာပါးလာသည့်အပြင် အခြေခံစားသောက်ကုန်စျေးနှုန်းများကလည်း မြင့်တက်လာသဖြင့် မိသားစုစားဝတ်နေရေးအတွက် ရပ်တည်ရန်ခက်ခဲလာကြောင်း ကရင်ပြည်နယ်မဟုတ်သည့် ပြည်မမှလာရောက်အလုပ်လုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ကုန်စျေးနှုန်းတွေကလည်း တက်တော့ နေ့စားလုပ်စားရတာလည်း အဆင်မပြေဘူး။ စုမိဆောင်း မိတာလေးတွေလည်း ကုန်သွားပြီး။ အရင်က ဆန် ၆ ပြည်အိတ်က ၂၇၀ က အခု ၃၆၀ ဘတ်ဖြစ်နေပြီး။ တရုတ် ဆိုက်အွန်လိုင်းလောင်းကစားရုံဘက်ပဲ အလုပ်များတယ်။ အခုက သူတို့တရုတ်ဆိုက်ဘက်ဝင်တဲ့ကဒ်လည်း ထုတ်လိုက်တယ်။ တရုတ်တွေလည်း ပြန်ကုန်ကြတော့ အရင်လိုအလုပ်မပေါတော့ဘူး။ ပြည်တွင်းကို ပြန်သွားကြတဲ့ လူတွေလည်းအများကြီးပဲ”ဟု ပြောသည်။

၎င်းအပြင် ရွှေကုက္ကိုလ်ဒေသတွင် BGF နှင့် အခြားသောနိုင်ငံများမှ အကျိုးတူပူးပေါင်းလုပ်ကိုင်သည့် ကာစီနို လောင်းကစားရုံများနှင့် အွန်လိုင်းလူလိမ်လုပ်ငန်းများတွင်သာ အလုပ်အကိုင်အနည်းငယ်ရသော်လည်း ဒေသ အတွင်းရှိ ရပ်ကွက်များတွင်မူ အလုပ်အကိုင်မရှိဘဲ ခက်ခဲမှုများနှင့် ကြုံတွေနေရကြောင်းလည်း ဒေသခံများထံမှ သိရသည်။

ထိုသို့ တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်းများ၊ ကာစီနိုရုံများနှင့် လူကုန်ကူးမှုများအပြင် တရားမဝင် လူလိမ်ခေါ် လုပ်ငန်းများဖြင့် နာမည်ကြီးနေသည့် အဆိုပါရွှေကုက္ကိုလ်ဒေသကို နိုင်ငံတကာမှ စောင့်ကြည့် ဖိအား ပေးမှုများရှိသောကြောင့် ထိုင်းနိုင်ငံအနေဖြင့် လျှပ်စစ်မီးနှင့် အင်တာနက်များကို ဖြတ်တောက်လိုက်ရာ လုပ်ငန်းရှင်များအပြင် ဒေသခံလက်လုပ်လက်စားများကိုပါ ယခုလို နောက်ဆက်တွဲ ရိုက်ခတ်မှုများ ဖြစ်ပေါ်လာရခြင်းလည်းဖြစ်သည်။

အလားတူ မြဝတီမြို့ အနီးဝန်းကျင်ဘက်တွင်လည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် BGF၊ စစ်ကောင်စီတပ်ဖွဲ့များအကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလျက်ရှိနေသော်လည်း အနီးဝန်းကျင်ရှိ တရုတ်ကာစီနိုလောင်ကစားရုံ၊ အာဝါဒေးရုံများတွင်မူ အသွားအလာမပြတ်ဘဲ ပုံမှန် လှုပ်ရှားလည်ပတ်လျက်ရှိကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။