Home သတင်း စစ်ကောင်စီတပ် လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြောင်းချိုးသူ အမျိုးသမီး ၂ ဦး ထိမှန်ဒဏ်ရာရ

စစ်ကောင်စီတပ် လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြောင်းချိုးသူ အမျိုးသမီး ၂ ဦး ထိမှန်ဒဏ်ရာရ

732
Photo: CJ

ဩဂုတ်လ ၂၂ ရက်၊၂၀၂၃ခုနှစ်။ကေအိုင်စီ

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) နယ်မြေ၊ ကော့ကရိတ်မြို့နယ်ရှိ ဝေါ လေကျေးရွာတွင် ယနေ့ နံနက်ပိုင်းက စစ်ကောင်တပ်က လက်နက်ငယ်ဖြင့် ရမ်းသမ်းပစ်ခတ်သောကြောင့် ပြောင်းချိုးသူ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာအသီးသီးရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဝေါလေကျေးရွာအနီး ရွာဦးကျောင်းရှေ့ရှိ ပြောင်းခင်းတွင် ကင်းပုန်းဝပ်နေသည့် ခြေမြန်တပ်ရင်း (ခမရ-၅၅၉) မှ အင်အား၂၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြောင်းလာချိုးသည့် အမျိုးသမီး၂ ဦးကို အကြောင်းရင်းမဲ့ လက်နက်ငယ်ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် အသက် (၄၀) နှစ်အရွယ် နော်မြင့်အောင် ၏ ပေါင်ထိ မှန်ဒဏ်ရာရရှိခဲ့ပြီး ၎င်း၏သမီးဖြစ်သူ အသက် (၁၇) နှစ်အရွယ် နော်ဖီးအယ်မှာ လက်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဝေါလေ ကျေးရွာနေ ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“ဝေါလေရွာရဲ့တောင်ဘက်ခြမ်းမှာဖြစ်တာ။ နှစ်ဦးနှစ်ဖက် ပစ်ခတ်မှုလည်းမရှိဘူး။ စကစတွေက ဝေါလေဗျူ ဟာကုန်းက။ ပစ်တာကတော့ လက်နက်ငယ်နဲ့ပဲ ပစ်တာ။ သူတို့သားမိနှစ်ယောက်က ပြောင်းဖူးခြံဘက်ကို သွား တဲ့အချိန်မှာ စကစက ကင်းပုန်းလာယူတာနဲ့ တိုးပြီး ပစ်ခံထိတာပဲ။ ဖြစ်တဲ့နေရာက ရွာနဲ့လည်းသိပ် မဝေးဘူး။” ဟု ကေအိုင်စီ သို့ပြောသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ကျေးရွာရှိဒေသခံများ အနေဖြင့် ၎င်းတို့ကိုယ်ပိုင်ခြံတွင် သွားရောက် မနေရဲကြတော့ဘဲ ကျေးရွာအတွင်း ပြန်လည်လာရောက်နေထိုင်နေကြရကြောင်း ၎င်းဒေသခံက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ၂၉ ရက်နေ့ကလည်း ဝေါလေဗျူဟာကုန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာအနီးတွင် လာရောက်ထောင်ထားသော တိုက်မိုင်းကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ၃ ဦးထိခိုက် ဒဏ်ရာရရှိခဲ့သေး ကြောင်း သိရသည်။