Home သတင်း ကျုံအိတ်တံတားပေါ် ကင်းပုန်းဝပ်သော စစ်ကောင်စီတပ်သားများ အကြိမ်ကြိမ် တိုက်ခိုက်ခံရ

ကျုံအိတ်တံတားပေါ် ကင်းပုန်းဝပ်သော စစ်ကောင်စီတပ်သားများ အကြိမ်ကြိမ် တိုက်ခိုက်ခံရ

901
Photo: CJ

ဩဂုတ်လ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်နှင့် သထုံမြို့အကြား ရန်ကုန်-မော်လမြိုင်-မြဝတီကားလမ်းပေါ်ရှိ ကျုံအိတ်(ရွှေရောင်ပြ)တံတားပေါ်တွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်များအား ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပူးပေါင်းတပ်များက ပြီးခဲ့သည့် ဇွန်လပိုင်းမှစ၍ အကြိမ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ကေအဲန်ယူ သတင်းအရင်းမြစ်များမှ သိရသည်။

KNLA ပူးပေါင်းတပ်များက စစ်ကောင်စီ၏ ထောက်ပို့လမ်းကြောင်းအတွက် အရေးပါသော ထိုတံတားအား ဇွန် လ(၂၈)ရက်နေ့က ဖောက်ခွဲဖျက်ဆီးလိုက်ပြီးနောက် စစ်ကောင်စီဘက်မှ တံတားပြန်လည်ပြုပြင်ရေး အလျင် အမြန်ဆောင်ရွက်ခဲ့သလို လုံခြုံရေးအတွက် ကင်းပုန်းလာဝပ်သည့် အခေါက်တိုင်း ပူးပေါင်းတပ်ဘက်မှ ဒရုန်းဗုံးဖြင့်တိုက်ခိုက်ခဲ့သည်မှာ ဆယ်ကြိမ်နှင့်အထက်တွင် ရှိလာပြီဟု KNU ဘက်က ဆိုသည်။

“တံတားစချိုးကတည်းကဆို ဆယ်ကြိမ်အထက်မှာရှိတယ်။ သူတို့(စစ်ကောင်စီ)ကင်းပုန်းလာဝပ်တိုင်း ဒရုန်းဗုံး ကြဲတယ်။ သူတို့ဘက်ကလည်း ထောက်ပို့လမ်းကြောင်းအတွက်က ဒီလမ်းကလွဲရင်အခြားမရှိဘူးလေ ဟိုင်းဝေးလမ်းမကြီးဆိုတော့ ရွှေရောင်ပြဘက်ကနေသွားရင်တော့ရပေမယ့် သူတို့လုံခြုံရေးမယူနိုင်တော့ မသွားဘူး” ဟု KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီဥက္ကဋ္ဌ ဗိုလ်မှူး စောကျော်မြင့်က ယနေ့ ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ယမန်နေ့ ဩဂုတ်လ(၂၁)ရက်နေ့ကလည်း ထိုတံတားရှိ ကင်းပုန်းဝပ်စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပူးပေါင်းတပ်မှ ဒရုန်းဖြင့်ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိကြောင်း KNU ဘက်မှ ပြောဆိုမှုအရ သိရှိရသော်လည်း မည်မျှထိခိုက်မှုရှိသည်ကိုမူ မသိရှိရသေးပေ။

အဆိုပါကျုံအိတ်တံတားသည် လက်ရှိ စစ်ကောင်စီနှင့်တိုက်ပွဲဖြစ်ပွားနေသော ကေအဲန်ယူ ထိန်းချုပ်နယ်မြေများသို့ ရိက္ခာ၊ လူအင်အားနှင့် လက်နက်ပစ္စည်းထောက်ပံ့ရာတွင် အရေးပါ သောတံ တားတစ်စင်းဖြစ်သည့်အတွက် စစ်ကောင်စီတပ်များက ထိုသို့ဆက်တိုက် ပစ်ခတ်ခံနေရသည့်အခြေအနေတွင် ဆက်လက်အသုံးပြုနေဆဲဖြစ်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “အဲ့လမ်းက စစ်တပ်အတွက် မိန်းပွိုင့်ပဲ သူတို့ဘယ်အင်အားပဲပို့ပို့ ဒီလမ်း ကြောင်းတစ်ကြောင်းပဲရှိတော့ ဒါပဲသုံးရတယ် ။ အဲ့ဒီတော့မရမက ပြန်ဆောက်တာပဲ တပ်မဟာ(၅) (၆) ဘက် လည်း ဆက်သွားလို့ရတယ်လေ၊ အခုဆိုရင်လည်း လက်ခတ်တောင်ကုန်းကိုအသည်းအသန်လိုချင်တော့ အဲ့လမ်းကိုသုံးပြီး အင်အားဖြည့်တာပေါ့။ ဒီနေ့ပဲ ကား(၅)စီးတက်သွားတယ်။” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် အဆိုပါကျုံအိတ်တံတားအား ကားသွားလာ၍ရရန် ဘေလီတံတားထိုးထားပြီး ကားများဖြတ် သန်းသွားလာနေကြသည်ဟုလည်း ဒေသခံများက ပြောဆိုမှုအရ သိရှိရသည်။

ထို့အတူ တံတားဖောက်ခွဲမှုဖြစ်ပွားပြီး နောက်တစ်ရက် ဇွန်လ(၂၉)ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ စစ်ဘက်နှင့်ရဲ ဘက်ဆိုင်ရာ အရာရှိများ တပ်ဖွဲ့ဝင်များအပါအဝင် ဌာနဆိုင်ရာဝန်ထမ်းများသည်တံတား ပျက်စီးမှုအခြေအနေလာရောက်ကြည့်ရှုစဥ် တော်လှန်ရေးပူးပေါင်းတပ်များ၏ ဒရုန်းဖြင့် ပစ်ခတ်တိုက် ခိုက်ခံရ၍ ဝန်ထမ်းတစ်ဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သေးသည်။