ဩဂုတ်လ ၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ အရှေ့တောနယ်ဒေသရှိ လမ်းပိုင်းတချို့တွင် မိုးဆက်တိုက် ရွာသွန်း မှုကြောင့် ရေပြည့်ရေလျှံမှုများ ဖြစ်ပေါ်၍ သွားလာရေးခက်ခဲနေကြောင်း ဒေသခံများက ပြောသည်။
အရှေ့တောနယ်ဒေသတွင် ဇူလိုင်လ ၃၀ ရက်နေ့မှ စတင်ပြီး ယနေ့ချိန်ထိ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထိုင်းနယ်စပ် ထားဝယ်-ထီးခီးလမ်းပိုင်းနှင့် ခမောင်းသွယ်လမ်းပိုင်းတို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ် နေခြင်းဖြစ်သည်။
ဒေသခံတစ်ဦးက “ပြီးခဲ့တဲ့ ရက်ကစပြီး မိုးဆက်တိုက် ရွာလာတာ ဒီနေ့အထိပဲ။ ဒီဘက်လမ်းပိုင်းတွေက ထိုင်း နယ်စပ်နဲ့ နီးတယ်လေ။ အဲ့တော့ မိုးဆက်တိုက် ရွာလိုက်တာနဲ့ ရေက လမ်းကျော်လာတယ်။ ဒီရက်ထဲမှာ တိုက်ပွဲမဖြစ်လို့ တော်သေးတယ်။ နောက်မဟုတ်ရင် မိုးရေထဲမှာ ပြေးနေရမယ်။ အဲ့လိုဖြစ်တော့ တစ်နေရာနဲ့ တစ်နေရာ သွားရလာရတာ အဆင်မပြေတော့ဘူး။ “ဟု ကေအိုင်စီသို့ပြောသည်။
ယခုလို ရေကြီးမှုများ ဖြစ်ပေါ်လာပြီး လမ်းရေကျော်မှုများ ဖြစ်ပေါ်လာခြင်းကြောင့် ၎င်းလမ်းပိုင်း ကို အသုံးပြုနေသည့် ကားသမားများအနေဖြင့် ကားပြေးဆွဲခြင်းကို ရပ်နားထားရသည့်အပြင် ၎င်းဒေသရှိ မြေ နိမ့်ပိုင်းမှ ဒေသခံတချို့လည်း ကုန်းမြင့်များရှိရာနေရာသို့ ရွှေ့ပြောင်းနေထိုင်နေကြရကြောင်း ကားသမားတစ်ဦးက ပြောသည်။

“ကားမောင်းတာလည်း ခဏတော့ရပ်ထားရတယ်။ အဲ့တော့ ပိုက်ဆံမရဘူးပေါ့။ မိုးတွေရွာတော့ ဖုန်းလိုင်းပြတ်တာတွေရှိတယ်။ ဒီလိုခေတ်ကာလနဲ့က ပိုက်ဆံရှာနေမှ အဆင်ပြေတာ။ ကုန်ဈေးနှုန်းတွေက ဆက်တိုက်တက်နေတာ ကျတယ်လို့ကိုမရှိဘူး။ ရေကြီးလည်းအဆင်မပြေပါဘူး။” ဟု ကားသမားတစ်ဦးက ကေအိုင်စီ သို့ပြောသည်။
အလားတူ ထားဝယ်မြို့ပေါ်ရှိရပ်ကွက်များနှင့် မြေနိမ့်ပိုင်းနေရာ ၏တချို့တွင်လည်း ရေကြီး ရေလျှံမှုများဖြစ်ပေါ်နေပြီး အာဏာသိမ်းကာလအတွင်း ကြက်ဥတစ်လုံးဈေး ၃၀၀ ကျပ်နှင့် မားမား ခြောက်တစ်ထုပ်ဈေး ၇၀၀ကျပ် အထိဈေးရှိလာသောကြောင့် ဒေသခံများ အနေဖြင့် သွားလာရေး အခက်အခဲများအပြင် ကုန်ဈေးနှုန်းဒဏ်ကိုပါခံစားလာရကြောင်း ဒေသခံများက ပြောသည်။



















