Home သတင်း စစ်ရေးပဋိပက္ခများအကြား သံတောင်မြောက်ပိုင်းဒေသခံများ မြေမြှုပ်မိုင်း အန္တရာယ်ပါ ကြုံနေရ

စစ်ရေးပဋိပက္ခများအကြား သံတောင်မြောက်ပိုင်းဒေသခံများ မြေမြှုပ်မိုင်း အန္တရာယ်ပါ ကြုံနေရ

810
Photo: Crd.

ဩဂုတ်လ ၁၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်နှင့် ကရင်နီ(ကယား)ပြည်နယ်အစပ် သံတောင်မြောက်ပိုင်းရှိ ကျေးရွာများမှ ဒေသခံများသည် စစ်ကောင်စီနှင့်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ၏ စစ်ရေး ပဋိပက္ခများကြားမှ စစ်ကောင်စီ ထောင်ထားသော မြေမြှုပ်မိုင်းအန္တရာယ်ပါ သတိထားနေရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့်ဇူလိုင်လအတွင်း စစ်ကောင်စီမှ သံတောင်မြောက်ပိုင်း ယာဒိုဒေသတွင် လေကြောင်း ပစ်ခတ်မှုများလုပ်ဆောင်ခြင်းကြောင့် ဒေသခံများနေအိမ်စွန့်ခွာ ထွက်ပြေးနေရချိန် ကျေးရွာအတွင်း စစ်ကောင်စီတပ်များ ဝင်ရောက်တပ်စွဲနေထိုင်ခဲ့ကြသလို ယာဒို-သောက်ရေခပ်နှင့် လိုရာဒိုကျေးရွာ အစရှိသော ၎င်းတို့ စခန်းချနေထိုင်ရာအနီးတဝိုက်တွင် မြေမြှုပ်မိုင်းများထောင်ထားသဖြင့် သတိထားသွားလာနေရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းက “လိုရာဒိုဘက်မှာ စစ်တပ်အင်အားယူထားတာ အတော်များတယ်။ မြေမြှုပ်မိုင်းတွေလည်း သူတို့လိုက် ထောင်ထားတာ သတိထားရမှာ အများကြီးပဲ။ အဲဒီဒေသကာကွယ်ရေးတပ်ဖွဲ့တွေက အချိန်မီ လိုက်ပြန်ဖြုတ် ရတာမျိုးလည်းရှိတယ်” ဟု ကေအိုင်စီသို့ ယမန်နေ့က ပြောသည်။

စစ်ကောင်စီတပ်များသည် အများအားဖြင့် ၎င်းတို့နှင့်နီးစပ်ရာပတ်ဝန်းကျင်သို့ နယ်မြေခံ ကာကွယ်ရေးတပ်ဖွဲ့များ မဝင်ရောက်နိုင်ရန် မြေမြှုပ်မိုင်းများ သွားရောက်ထောင်ထားကြခြင်းဖြစ်သလို ထိုမိုင်းကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရရှိမှုလည်းရှိကြောင်း သံတောင်မြောက်ပိုင်း အထူးဒေသ ကာကွယ်ရေးတပ်ဖွဲ့ NTDF ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

၎င်းက “ပြီးခဲ့တဲ့တစ်ခေါက်တုန်းကလည်း ကျနော်တို့ရဲဘော်တစ်ယောက် အဲ့မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာရ တာရှိတယ်။ စစ်တပ်ရွာထဲဝင်ပြီးတပ်စွဲတာတို့ဆိုရင် အဲ့ပတ်ဝန်းကျင်မှာထောင်တတ်လို့ သိတဲ့ဒေသခံ တွေကတော့ ခန့်မှန်းပြီး သတိထားရှောင်တိမ်းရတယ်။ လိုရာဒိုမှာလည်း အဲ့လိုထောင်ထားတာတွေရှိတယ်။” ဟု ပြောပြသည်။

Photo: Crd.

ထို့အပြင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်များ ယာဒိုကျေးရွာအနီးရှိ လိုရာဒိုကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်စဥ် လက်နက်ကြီး ပစ်ခတ်မှုများလုပ် ဆောင်ခဲ့သလို ကျေးရွာအတွင်းကျန်ရှိနေသော ဒေသခံအချို့အား ဖမ်းဆီးခေါ်ဆောင်၍ လူငယ်များအား ရိုက်နှက်စစ်ဆေးမှုများ လုပ်ဆောင်ပြီးမှ ပြန်လွှတ်ပေးခဲ့ကြောင်း မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။

“ရွာထဲမှာ အိမ်တွေ ဖျက်ဆီးတာတော့ရှိတယ်။ ဖမ်းထားတဲ့သူတွေကိုတော့ ပြန်လွှတ်ပေးလိုက်ပြီ ဖမ်းခံထားရ တဲ့သူတွေက အရင်ယာဒိုမှာလေကြောင်းဖြစ်တော့ပြေးကြပြီး ငြိမ်သွားပြီးဆိုပြီး လိုရာဒိုမှာပြန်လာ နေတဲ့သူတွေပါ။ လာနေတုန်းအဖမ်းခံရတာ အခုလိုထပ်ဖမ်းတော့ သက်ကြီးရွယ်အိုတစ်ချို့ကလွဲပြီး ကျန်တဲ့သူ တွေတော့ အကုန်ထွက်ပြေးကြကုန်ပြီ” ဟု သံတောင်မြောက်ပိုင်းရှိ နယ်ခံအမျိုးသားတစ်ဦးက ပြောသည်။

အလားတူ ပဋိပက္ခများနှင့်လေကြောင်းပစ်ခတ်မှုများကြောင့် ယာဒို ဒေသခံ နှစ်ထောင်ထက်မနည်းသည် ဘေးလွတ်ရာဒေသများသို့ ထွက်ပြေးတိမ်းရှောင် နေရဆဲဖြစ်သလို သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများ၊ ကလေးသူငယ်နှင့် နို့တိုက်မိခင်များ ပါဝင်မှုကြောင့် ဆေးဝါးနှင့်စားနပ်ရိက္ခာများ ရေရှည်အတွက် လိုအပ်ချက် ကြီးမားကြောင်း စစ်ဘေးရှောင်ကူညီနေသူများက ပြောဆိုကြသည်။

ထို့အတူ စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ(၃၀)ကျော်လုပ်ဆောင်ခဲ့မှုကြောင့် ယာဒိုရှိ ဘာသာရေးအဆောက်အဦးများအပြင် ဒေသခံနေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ရကြောင်း ပြီးခဲ့သည့် ဇူလိုင်လ(၃၀)ရက်နေ့တွင် ကေအဲန်ယူကလည်း သတင်းထုတ်ပြန်ထားသည်။