သြဂုတ်လ ၁၅ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက်ခြမ်းရှိ ရွှေကုက္ကိုလ်မြို့သစ်၏ တရုတ်ဆိုက်ဘက်ခြမ်းတွင် အသွားအလာ စစ်ဆေးမှုပြုလုပ်ပေးနေသည့် (Yatai International Holding Group) ကုမ္ပဏီခန့် လုံခြုံရေးဝန်ထမ်းများကို တရုတ်လုပ်ငန်းရှင်သူဌေးများကိုယ်တိုင် ရမ်းကားပစ်ခတ်မှုများ ခံနေရ နေကြောင်း အမည်မဖော်လိုသူ တရုတ်လုပ်ငန်းနှင့်နီးစပ်သူများက ပြောသည်။
အဆိုပါ လုံခြုံရေးဝန်ထမ်းများအား လမ်းသွားလမ်းလာပြည်သူများကို စစ်ဆေးမှုပြုလုပ်ရန်အတွက် Yatai ကုမ္ပဏီ၏ တရုတ်လုပ်ငန်းရှင်များကိုယ်တိုင်က ငှားရမ်းထားခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဩဂုတ်လ ၃ရက်နေ့က တရုတ်လူမျိုးများ၏ ကားကိုစစ်ဆေးရာတွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး လုံခြုံရေးခေါင်း ဆောင်တစ်ဦး သေနတ်ထိမှန်ခဲ့ကြောင်း တရုတ်လုပ်ငန်းနှင့်နီးစပ်သူတစ်ဦးက ယခုလို ပြောသည်။
“တရုတ်သူဌေးတွေနဲ့ ရထိုက် (Yatai) လုံခြုံရေးဝန်ထမ်းတွေပစ်ခတ်မှု ဖြစ်ကြတယ်။ ရထိုက် လုံခြုံရေးခေါင်းဆောင်ကို အဲ့ဒီတရုတ်သူဌေးက သေနတ်နဲ့ပစ်တယ်။ လုံခြုံရေးခေါင်း ဆောင်ထိ သွားတယ်။ သေလားရှင်လားတော့ မသိရသေးဘူး။ သူတို့အမြဲဖြစ်ကြတယ်။ ဘယ်လိုဖြစ် လဲဆိုတော့ တရုတ်တွေသွားလာလို့ ကားတွေကို လုံခြုံရေးတွေက စစ်ရင်သူတို့ဂရုမစိုက်ဘူး။ သူတို့သဘော သူတို့ပြီးရင်ပြီးပဲဆိုတဲ့ပုံစံလုပ်တာ။ မောင်းချင်သလို မောင်းသွားချင်သလိုပဲသွားတယ်။ ဒါပေမဲ့ သတင်း တွေတော့ သူတို့မထုတ်ဖော်ဘူး” ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ တရုတ်လူမျိုးများငှားရမ်းထားသည့် ရထိုက်လုံခြုံရေးဝန်းထမ်းများမှာ မြန်မာပြည်တွင်း အနယ် နယ်အရပ်ရပ် ရွှေကုက္ကိုလ်ဒေသသို့ ရွှေ့ပြောင်းဝင်ရောက် အလုပ်လုပ်ကိုင်ကြသူများနှင့် နယ်ခြား စောင့် တပ် (BGF) တပ်သားတစ်ချို့ လည်းပါဝင်ပြီး ပစ်ခတ်ခံရမှုဖြစ်စဉ် နှစ်ကြိမ်အထိရှိခဲ့ပြီးဟု အဆိုပါ နီးစပ်သူက ဆက်ပြောသည်။
“ကုက္ကိုလ်မှာဆိုရင် ပစ်ခတ်မှုက နှစ်ခါလောက်ရှိပြီ။ ဒါပေမဲ့ သတင်းထွက်လာတာမရှိဘူး။ ဘယ်လို ဖြေရှင်းကြလဲဆိုတော့ BGF ကို တိုင်လို့လည်းမရဘူး။ တရုတ်တွေငှားထားတဲ့ လုံခြုံရေးပဲဆိုတော့ ဒီတိုင်းပဲဖြစ်နေတယ်။ ပြောရမယ်ဆိုရင် တရုတ်တွေ အနိုင်ကျင့်ပြီး သူတို့လုပ်ချင်သလို လုပ်နေတဲ့သ ဘောပဲပေါ့။”ဟု ၎င်းက ဖြည့်စွက်ပြောသည်။
အဆိုပါ ပစ်ခတ်ခံရသည့် လုံခြုံရေး ဝန်ထမ်းများမှာလည်း ပစ်ခတ်ခံရပြီးနောက် သက်ဆိုင်ရာ BGF တာဝန်ရှိသူများက လာရောက်ခေါ်ဆောင်သွားပြီး အသက်ရှင်ခြင်း၊ သေခြင်းနှင့်ပတ်သက်ပြီး မည်သူမျှ မသိရကြောင်း နီးစပ်သည့် သတင်းအရင်းအမြစ်များက ဆိုသည်။
ထို့အပြင် ရွှေကုက္ကိုလ်ဒေသတွင် အလုပ်လျှောက်ရန်နှင့် အခြားသောလုပ်ငန်းအသီးသီးတွင် သွားရောက် လုပ်ကိုင်လိုလျှင် ရပ်ကွက်လူကြီးရုံးနှင့် ရထိုက်(Yatai) လုံခြုံရေးရုံးကို သွားရောက်လျှောက်ထား ရသည် ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
၎င်း “အခုကုက္ကိုလ်မှာ မုဒိမ်းမှုတွေလည်း ဖြစ်တယ်။ ကုက္ကိုလ်မှာ အလုပ်လိုချင်တာပဲဖြစ်ဖြစ် တစ်ခုခု ဆိုရင် ရပ်ကွက်လူကြီးနဲ့ ရထိုက်ကိုပဲ တိုင်ရတယ်။ အလုပ်လိုချင်ရင်လည်း ရထိုက်မှာပဲ သွားလျှောက် လို့ရတယ်။ ဘာလုပ်လုပ်အဲ့မှာ အကြောင်းကြားရတာ” ဟု ကေအိုင်စီသို့ ပြောသည်။
အလားတူ ရွှေကုက္ကိုလ်ဒေသတွင် လုံခြုံရေးဝန်ထမ်းများ ပစ်ခတ်ခံရမှုများရှိသလို အခြားသောနီး စပ် သည့် မြဝတီမြို့ကာစီနိုရုံဘက်တွင်လည်း အလားတူ ပစ်ခတ်မှုဖြစ်စဉ်များရှိကြောင်းလည်း နောက်ထပ် အမည်မဖော်လိုသူ တရုတ်လုပ်ငန်းနှင့်နီးစပ်သူ တစ်ဦးထံမှ သိရသည်။
လတ်တလောတွင်လည်း ရွှေကုက္ကိုလ်ဒေသကို ထိုင်းနိုင်ငံဘက်မှ မီးဖြတ်တောက်ထားခြင်းအပြင် အင် တာနက် WIFI လိုင်းများကိုလည်း ဖြတ်တောက်ထားသည်။ ၎င်းဒေသနှင့် နီးစပ်သည့်နေရာများတွင် တိုက်ပွဲဖြစ်ပွားနေသည့်အတွက် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းရှင်တစ်ချို့ မှာ ရွှေကုက္ကိုလ်မြို့ကို စွန့်ခွာကြကာ အခြားသောနေရာသို့ ပြောင်းရွှေ့သွားကြကြောင်းလည်း နီးစပ်သူများက ဆိုသည်။
“အခုက သူဌေးတွေအလုပ်ပြုတ်တာများတယ်။ ပြုတ်သွားတဲ့ကုမ္ပဏီတွေ လာအို(နိုင်ငံ)ဘက်ကို ပြန်ပြောင်းမယ်တဲ့။ ပြောင်းတဲ့လူတွေရှိသလို တစ်ချို့တစ်ဝက်လည်းလုပ်နေသေးတယ်။ မီးလည်းပြတ် ဝိုင်ဖိုင် လည်းမရဆိုတော့ ဒီမှာက အရင်လောက်အဆင်မပြေတော့ဘူး။ ဒီမှာက တိုက်ပွဲလည်း ဖြစ်သွား တော့ သူတို့ကြောက်ကြတာလည်းပါတယ်” ဟု တရုတ်လုပ်ငန်းနှင့်နီးစပ်သူက ပြောသည်။
ရွှေကုက္ကိုလ်ဒေသကို BGF နှင့် တရုတ်လူမျိုးများအပြင် အခြားသောနိုင်ငံများမှ ပူးပေါင်း၍ အကျိုး စီးပွားတူ ပူးပေါင်းတည်ထောင်ထားသည့် လောင်းကစားရုံ၊ အွန်လိုင်းလူလိမ်လုပ်ငန်းနှင့် ကာစီနို လုပ်ငန်းများကို ပြည်မအထဲရှိ လူငယ်၊ အမျိုးသမီးများက အခြေအနေအရ နည်းလမ်းတစ်ခုကိုရှာ၍ ၎င်းနေရာအတွင်းသို့ လာရောက်လုပ်ကိုင်ကြသူများလည်းများပြားလာလျက်ရှိသည်။
ပြည်မမှ လာရောက်လုပ်ကိုင်သည့် လူငယ်တစ်ဦးက “အာဏာမသိမ်းခင်ကတော့ ၁၀ တန်း အောင် ကျောင်းတက်ပြီး ပညာတော်သင်ဆက်တက်မလို့ စိတ်ကူးထားတာ။ ဒါပေမဲ့ အခုလို တွေဖြစ်ကုန်တော့ လမ်းတွေပျောက်ကုန်တယ်။ ရွှေကုက္ကိုလ်ကလွဲရင် တခြားနေရာမှာ အလုပ်လုပ်ဖို့က ပေးတဲ့လစာ ကလည်း အဆင်မပြေပြန်ဘူး။ မိသားစုစားဝတ်နေရေးတစ်ခုကို ကြည့်ပြီးရွှေကုက္ကိုလ်ကို လာလိုက်ရ တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ရွှေကုက္ကိုလ်ဒေသရှိ တရုတ်အွန်လိုင်းလူခေါ်လုပ်ငန်းနှင့် အခြားသောလုပ်ငန်းများ၌ ဝန်ထမ်းအသစ် ခေါ်ယူရာတွင် အခြေခံလစာ ထိုင်းဘတ်ငွေ တစ်သောင်းခွဲအထိပေးထားပြီး လုပ်ငန်းလုပ်ဆောင် ချက်အ ပေါ်မူတည်၍ ငွေကြေးလစာကို တိုးပေးသွားကြောင်းလည်း တရုတ်လုပ်ငန်းနီးစပ်သူတစ်ဦးထံမှ သိရသည်။



















