Home သတင်း မြန်မာကျပ်ငွေ တစ်သိန်းကို ထိုင်းဘတ်ငွေ ၉၉၀ သာ ရရှိ

မြန်မာကျပ်ငွေ တစ်သိန်းကို ထိုင်းဘတ်ငွေ ၉၉၀ သာ ရရှိ

3152
Photo: Crd.

ဩဂုတ်လ ၁၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မြန်မာငွေတန်ဖိုး ဆက်တိုက်ကျဆင်းပြီး ယနေ့ ဩဂုတ်လ ၁၅ရက်၊ နေ့လည်အချိန်တွင် မြန်မာကျပ်ငွေ တစ်သိန်းကို ထိုင်းဘတ်ငွေ ၉၉၀ ဘတ်သာရရှိတော့ကြောင်း ထိုင်း-မြန်မာနယ်စပ်ရှိ ငွေလဲ၊ ငွေလွှဲလုပ်ငန်း လုပ်ကိုင်သူများ၏ ပြောဆိုချက်အရ သိရသည်။

ယနေ့ ဩဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ထိုင်း-မြန်မာနယ်စပ် မြဝတီငွေစျေးသည် မြန်မာ ကျပ်ငွေ ၁ သိန်းကို ထိုင်းဘတ်ငွေ ၁၀၀၀ ဘတ်ရှိနေသေးသော်လည်းနေ့လည်ရောက်ရှိ သည့်အချိန်တွင် ၉၉၀ ဘတ်သာရရှိတော့သည်ဟု မြဝတီမြို့ရှိ ငွေလဲ၊ ငွေလွှဲသည့် ဒိုင်များထံမှ သိရသည်။

မြန်မာငွေစျေးကျသည့်အတွက် လက်ရှိအချိန်တွင် မြန်မာကျပ်ငွေပေးပြီး ဘတ်ငွေယူသည့်ကုန်သည်များ နည်းလာပြီး ထိုင်းဘတ်ငွေပေးပြီး ကျပ်ငွေယူသည့်သူပိုများသည်ဟု မြဝတီ နယ်စပ်ရှိ ငွေလွှဲလုပ်ကိုင်သူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ဒီနေ့ စျေးက ဘတ်တစ်ထောင်အောက်စျေးရောက်သွားတော့ အရောင်းအဝယ်ကပုံမှန်ထက် နည်းနည်းဖြစ်နေကြတာပေါ့နော်။ ဘတ်ပေးကျပ်ယူသမားတွေက နည်းနည်းများလာတယ်။ သူတို့လည်း တစ်ထောင်အောက်စျေးကို စောင့်နေကြတာလေ။ မျှော်နေကြတဲ့စျေးရပြီးဆိုတော့ လွှဲလာကြ တာတော် တော်များတယ်။ ကျပ်ပေးဘတ်ယူတဲ့ကုန်သည်တွေကတော့ မဖြစ်မနေ သွင်းရတဲ့ ငွေပမာဏလောက်ပဲ ယူကြတော့တယ်။ ကျပ်ပေးဘတ်ယူသမားတော့ သိပ်ပြီးမဟန်လို့လေ”ဟု ပြောသည်။

မြန်မာငွေတန်းဖိုးအဆမတန်ကျဆင်းလာသည့်အတွက် မြန်မာငွေပေးပြီး ထိုင်းဘတ်ငွေဝယ်ယူရသည့် ကုန်သည်များသည် အခက်အခဲရှိလာသလို ထိုင်းပစ္စည်းရောင်းဝယ်သည့် ကုန်သည်များအတွက်လည်း အရှုံးပေါ်ကြောင်း ဖားအံမြို့ရှိ ထိုင်းပစ္စည်းရောင်းသည့် ကုန်သည်တစ်ဦးက ယခုလို ပြောသည်။

“အခုအခြေအနေက စျေးရောင်းရတဲ့လူတွေကလည်း လုံးဝကို အဆင်မပြေဘူး။ ကိုယ့်ငွေတန်ဖိုး ကျတော့ သတိတဲ့အတိုင်းပဲ၊ အခုဟာက စျေးတောင်ရောင်းရမှာကြောက်နေပြီး အရင်လို အဆင်မ ပျော်တော့ဘူး၊ အဆင်မပြေဘူး။ အရင်က ရောင်းကောင်းလေ မြတ်လေပဲ။ အခုဟာက ရောင်းကောင်းလေရှုံးလေပဲအဲဒီလိုဖြစ်နေတယ်။ ” ဟု ၎င်းက ကုန်သည်က ပြောသည်။

ယနေ့ မြန်မာပြည်တွင်းစီးပွားရေးစျေးကွက်မှာ အခေါက်ရွှေစျေးတစ်ကျပ်သားကို ပြင်ပပေါက်စျေး ၃၇၇,၀၀၀ကျပ်မှ (၃၈)ဝန်းကျင်အထိရှိပြီး အမေရိကန်တစ်ဒေါ်လာကို ၃၇၀၀ ကျပ်ပေါက်စျေးရှိသည်။ ရန်ကုန် ဓာတ်ဆီစျေးနှုန်း 92 တစ်လီတာကို ၂၃၀၅ကျပ် နှင့် 95တစ်လီတာကို ၂၄၁၅ ပေါက်စျေး ရှိသည်ဟု ပြည်တွင်းစီးပွားရေးသမားများထံမှ သိရသည်။

ထိုင်းဘတ်ငွေတန်ဖိုး မြင့်တက်ပြီး မြန်မာကျပ်ငွေတန်ဖိုးကျဆင်းသည့်အတွက် ထိုင်းပစ္စည်း ဝယ်သူ အသုံးပြုရသည့်သူများသည် အခက်အခဲရှိလာသည့်အပြင် ထိုင်း-မြဝတီနယ်စပ် ပို့ဆောင်ရေး လမ်းကြောင်းများသည်လည်း ယခင်ထက်လမ်းပန်းဆက်သွယ်ရေးအခက်အခဲရှိသည့်အတွက် ထိုင်းကုန်ပစ္စည်း စျေးနှုန်း ပိုမိုတက်လာမည်ဖြစ်ကြောင်း ကုန်ပစ္စည်းရောင်းဝယ်သူများက ပြောသည်။