ဩဂုတ် ၁၄ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်-မြဝတီ အဝေးပြေးအာရှလမ်းကြောပေါ်ရှိ တောနော်ရေတံခွန်အနီးတွင် မြေပြိုပျက်စီးသွားသည့်လမ်းကို ပြုပြင်နေစဉ်ကာလအတွင်း တောင်ပေါ်လမ်းဟောင်းကို အသုံးပြုနေကြရာ ဩဂုတ်လ ၁၄ရက်၊ ယနေ့မှစ၍ အဆင်း တစ်ရက်၊ အတက်တစ်ရက် ပုံစံဖြင့် သွားလာနေကြရသည်ဟု ယာဉ်မောင်းများထံမှ သိရသည်။
ယင်းသို့ ယခင်ပုံစံဖြင့် သွားလာနေရခြင်းမှာ လတ်တလောတွင် တောင်ပေါ်လမ်းဟောင်းသည် လမ်းကျဉ်းနေပြီး သတိ ထားကာ သွားလာနေရသဖြင့် တောင်ပေါ်ကားလမ်းကို အဆင်း၊ အတက် တစ်ရက်စီဖြင့် အသုံးပြုမှသာ အဆင်ပြေနိုင် ကြောင်း အမည်မဖော်လိုသူ ကားသမားတစ်ဦးက ယခုလို ပြောသည်။
၎င်းက “လမ်းမြေက မာပေမဲ့ ကားတစ်စီးစာပဲ ရှိတယ်။ ကားတွေ အတက်အဆင်းရှိနေရင် အဆင်မပြေဘူ။ ကားတွေ ဒီနေ့မှ အဆင်းတစ်ရက်၊ အတက်တစ်ရက် စလုပ်တယ်။ လမ်းကကျဉ်းတော့ ဒီလိုအဆင်းတစ်ရက်၊ အတက်တစ်ရက် လုပ်မှ အဆင်ပြေတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
ယခုလို အတက်အဆင်းပုံစံ သွားလာရသည့်အတွက် အချိန်နှောင့်နှေးကြန့်ကြာမှု ရှိသော်လည်း အန္တရာယ်နည်းပြီး ပိုအဆင်ပြေကြောင်း ခရီးသည်များကလည်း ပြောဆိုသည်။
“သွားချင်တဲ့အချိန်တော့ ထသွားလို့ မရဘူးပေါ့။ လမ်းဟောင်းအခြေအနေကလည်း ဒီလိုလုပ်မှ အန္တရာယ်နည်းမယ်။ သွားလာရတာ အဆင်ပြေမယ်။ မဟုတ်ရင် လမ်းကကျဉ်း၊ ကားလည်း အတက်အဆင်းဆို အန္တရာယ်များတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အတူ လောင်စာဆီဈေးနှုန်းများ မြင့်တက်နေပြီး သွားလာရသည့် ခရီးလမ်းဝေးခြင်းနှင့် လမ်းတစ်လျှောက်တွင် စစ် ကောင်စီနှင့် ၎င်းလက်အောက်ခံအဖွဲ့အစည်းများ၏ ငွေကြေးကောက်ခံသည့်ဂိတ်များ များပြားခြင်းတို့ကြောင့် ကားသ မားများအနေဖြင့် ကုန်ကျမှုစရိတ်များသည့် အခက်အခဲများရှိနေကြောင်း အငှားယာဉ်မောင်းတစ်ဦးက ပြောဆိုသည်။
၎င်းအငှားယာဉ်မောင်းက “ဆီဈေးလည်း တက်တယ်။ လမ်းမှာ ပိုက်ဆံတောင်းတဲ့ဂိတ်လည်း များတယ်။ မြဝတီကနေ ကော့ကရိတ်အထိကို ဂိတ်ကြေးက ခုနှစ်သောင်းဝန်းကျင်လောက် ကုန်တယ်။ ဒါတောင် တောင်းသလောက် မပေးဘူး။ ငါးထောင်တောင်းရင် သုံးထောင်ပဲယူဖို့ တောင်းပန်ပြီးပြောရတဲ့ ဂိတ်တွေ ရှိတယ်။”ဟု ဆိုသည်။
ထိုလမ်းဟောင်းကို သွားလာနေကြရသည့် ကားသမားများအနေဖြင့် ဆီစျေးနှုန်းမြင့်တက်ခြင်းနှင့် ဂိတ်ကြေးများကို ပေးဆောင်နေသည့်အပြင် လမ်းခရီးလည်း ခက်ခဲသောကြောင့် ဖားအံမှ မြဝတီမြို့သို့သွားသည့် ခရီးသည်တစ်ဦးလျှင် အနည်းဆုံး ကျပ်ငါးသောင်း ကားခကောက်ခံနေရကြောင်း သိရသည်။
မြဝတီ−ကော့ကရိတ်အာရှလမ်းမကြီးသစ် တောနော်ရေတံခွန်အနီးတွင် သြဂုတ်လ ၇ရက်နေ့က အဆက်မပြတ် မိုးရွာ သွန်း၍ ပြိုကျပျက်စီးသွားသည့် ကားလမ်းပိုင်းကို ယာယီဘေလီတံတားဖြင့် တစ်လအတွင်း ပြုပြင်သွားမည်ဖြစ် ကြောင်း စစ်ကောင်စီ၏ မြန်မာ့အလင်းသတင်းစာတွင် သြဂုတ်လ ၁၀ရက်နေ့က ဖော်ပြထားသည်။



















