Home သတင်း ရေလွှမ်းမိုးမှုကြောင့် ကရင်ပြည်နယ်အတွင်း စိုက်ပျိုးထားသည့် မိုးစပါးပျက်စီးမှုများနေ

ရေလွှမ်းမိုးမှုကြောင့် ကရင်ပြည်နယ်အတွင်း စိုက်ပျိုးထားသည့် မိုးစပါးပျက်စီးမှုများနေ

1016

ဩဂုတ် ၁၄ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ကာ ရက်ပေါင်းကြာမြင့်စွာ ရေလွှမ်းမိုးမှုကြောင့် လယ်ကွက်အများအပြားရှိ စိုက်ပျိုးထားသည့် မိုးစပါး ပျက်စီးမှုများသည်ဟု ဒေသခံ လယ်စိုက်တောင်သူများထံမှ သိရသည်။

ဖားအံမြို့နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် တောင်ကျချောင်းရေနှင့် မြစ်ရေလျှံမှုများကြောင့် အချို့တွင် (၈)ရက်မှ (၁၀)ရက်ခန့်ကြာ ရေလွှမ်းမိုးသည့်အတွက် စပါးအများအပြား ပျက်စီးသွားကာ အချို့ ပျိုးပင်များမှာ ရေစီးနှင့်အတူ မျှောပါသွားကြောင်း လယ်သမားများက ပြောဆိုသည်။

ဖားအံမြို့နယ် လှာကမြင်ကျေးရွာ လယ်သမားတစ်ဦးက “ဝါကြီးထပ်တဲ့ကာလဆိုတော့ ရေများကြီးမှာလို့တော့ သိထားတယ်။ ဒါပေမဲ့ အခုလိုမျိုး ရေအရမ်းကြီးလာမယ်လို့တော့ မထင်ထားဘူးပေါ့။ အခုက ပျိုးစပါးတွေရော တချို့လယ်တွေဆိုရင် ပျိုးပင်တွေ ရေနောက် ပါကုန်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ကရင်ပြည်နယ်တွင် ဩဂုတ်လ ၁ ရက်နေ့ကတည်းစတင်၍ ရေကြီးရေလျှံမှု စတင်ဖြစ်ပွားကာ အချို့နေရာများတွင် ဩဂုတ်လ ၁၂ရက်နေ့မှစ၍ ရေများပြန်ကျသွားသော်လည်း စပါးခင်းအချို့တွင် နှုံးမြေများ၊ ဗွက်များ ကျန်ခဲ့သည်ဟု လှိုင်းဘွဲမြို့နယ်အတွင်းရှိ လယ်လုပ်ကိုင်သူ ဦးစန်းဦးက ဆိုသည်။

၎င်းက “မိုးကတော့ နည်းလာပြီး ရေကတော့ မကျသေးဘူး။ စပါးခင်းအများကတော့ ပျက်ကုန်တာပေါ့။ တချို့လယ်တွေဆို ရေကျ သွားတယ်။ ရွံ့တွေ အများကြီးကျန်ခဲ့တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

လတ်တလောတွင် မိုးရွာသွန်းမှု အားနည်းသွားသောကြောင့် ရေများ ပြန်ကျသွားသော်လည်း ရေကြီးရေလျှံမှုကြောင့် ကရင်ပြည်နယ် တစ်ခုလုံးအတိုင်းအတာဖြင့် ပျက်စီးသွားသည့်လယ်ဧက မည်မျှရှိသည်ကိုမူ သက်ဆိုင်ရာ တာဝန်ရှိ ဌာနများ၏ စာရင်းပြုစုထားမှုကို မတွေ့ရှိရသော်လည်း ပျက်စီးဆုံးရှုံးမှုများနိုင်ကြောင်း ဒေသခံ လယ်သမားများက ဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း စစ်ကောင်စီလက်ထက်တွင် ပြည်သူလူထုများ စီးပွားရေးကြပ်တည်းလာပြီး တောင်သူလယ်သမားများလည်း ရေဘေးကြောင့် ယခုလို စပါးခင်း အများအပြား ပျက်စီးသွားသည့်အတွက် မျိုးစပါးစေ့များ ပြန်လည် ဝယ်ယူရန် အခက်အခဲရှိကြောင်းလည်း စပါးခင်း ပျက်စီးသွားသည့် တောင်သူများက ပြောဆိုနေကြသည်။

ကရင်ပြည်နယ်ရှိ မြေနိမ့်ပိုင်းနေရာတွင် ရေလွှမ်းမိုးမှုကြောင့် နှစ်စဉ် ရေကြီးမှုဖြစ်ပွားခဲ့ရာ ပြီးခဲ့သည့် ၂၀၁၈ခုနှစ်၊ ရေကြီးခဲ့စဉ်က ပြည်နယ်အတွင်း လယ်ဧကပေါင်း (၅၀,၀၀၀)ကျော် ရေဖုံးလွှမ်းကာ ပျက်စီးခဲ့သေးသည်။