Home သတင်း လက်ခတ်တောင်စခန်းပြန်သိမ်းရန် ဗိုလ်မှူးကြီးစောချစ်သူသား စောချစ်ချစ် ဦးဆောင်သည့် BGF တပ် စစ်ကြောင်းထိုးနေ

လက်ခတ်တောင်စခန်းပြန်သိမ်းရန် ဗိုလ်မှူးကြီးစောချစ်သူသား စောချစ်ချစ် ဦးဆောင်သည့် BGF တပ် စစ်ကြောင်းထိုးနေ

2925
စောချစ်သူသား စောချစ်ချစ် Photo-SKK Family

ဩဂုတ် ၉ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ

မြဝတီမြို့အနီးရှိ လက်ခတ်တောင် ဘုရားကုန်းစခန်းအား ပြန်လည်သိမ်းယူနိုင်ရန် နယ်ခြားစောင့်တပ် -BGF အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူ၏သားဖြစ်သူ ဗိုလ်မှူးစောချစ်ချစ်ဦးဆောင်သည့် တပ်ရင်း ၂ ရင်းနှင့် စစ်ကောင်စီတပ်ရင်းတို့ ပူးပေါင်းပြီး စစ်ကြောင်းထိုးလျက်ရှိနေသည်ဟု တော်လှန်ရေးအင်အားစုများဘက်က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် BGF တို့ လက်လွတ်ဆုံးရှုံးလိုက်ရသည့် လက်ခတ်တောင်စခန်းအား ပြန်လည်သိမ်းယူနိုင်ရန် အသက် ၂၇ နှစ်အရွယ်သာရှိနေသေးသည့် ဗိုလ်မှူး စောချစ်ချစ်ကိုယ်တိုင် စစ်ရေးဦးဆောင်ကိုင်တွယ်နေသည်ဟု စစ်မြေပြင်သတင်းအရင်းမြစ်က ပြော သည်။

“ ဗိုလ်ချစ်သူသား စောချစ်ချစ် ကိုယ်တိုင်ဦးဆောင်တဲ့ BGF တပ်ရင်း ၂ ရင်းနဲ့ စစ်ကောင်စီတပ်က ၂ ရင်း ပူးပေါင်းပြီး လက်ခတ်တောင်စခန်းကို ပြန်သိမ်းနိုင်ဖို့ စစ်ကြောင်းထိုးနေတယ်။ တက်လိုက်ပြန် ဆုတ် လိုက်ပါပဲ။ လက်နက်ကြီးမျိုးစုံအားကိုးပြီး နေ့တိုင်းလှမ်းပစ်တယ်။ BGF က ၈ ဦးလောက် ကျဆုံးတယ်၊ စစ်ကောင်စီဘက်ရော ထိခိုက်ကျဆုံးမှုရှိနေတယ်။ သူတို့လက်နက်ကြီးကြောင့် အနီးအနားက ရွာသားတွေတော့ စစ်ရှောင်နေကြရတယ်” ဟု KNU တပ်မဟာ ၆ မှ စစ်မြေပြင်သတင်း တာဝန်ရှိသူတစ်ဦးက ယနေ့ ဩဂုတ် ၉ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

လက်ခတ်တောင်စခန်းအား ပြန်လည်သိမ်းယူနိုင်ရန် ပြီးခဲ့သည့် ဇူလိုင် ၂၄ ရက်မှ ဩဂုတ် ၈ ရက်နေ့အထိ စစ်ကြောင်းထိုးလာနေသည့် စစ်ကောင်စီပူးပေါင်းတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်တိုက် ပွဲပြင်း ထန်ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ဖက်မှ ၁၂ဝ မမ၊ ဟောင်ဝှစ်ဇာအတွဲလိုက်ပစ်ခတ်ရသည့်၁၂၂ မမ လက်နက်ကြီးမျိုးစုံများဖြင့် နေ့စဉ်လှမ်းပစ်ခတ်နေလျက်ရှိသည်ဟု စစ်မြေပြင်ရှိတော်လှန်ရေးရဲဘော်များထံမှ သိရသည်။

အဆိုပါနှစ်ဖက်တိုက်ပွဲတွင် BGF တပ်မှ ဗိုလ်မှူးစောချစ်ချစ် တိုက်ပွဲတွင် ထိခိုက်ကျဆုံးသွားသည်ဟု လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် အမျိုးမျိုးရေးသားဖော်ပြလျက်ရှိသော်လည်း BGF မိသားစု အသိုင်းအဝိုင်းများနှင့် နီးစပ်သူများအား ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းဖော်ပြချက်သည် သတင်းအမှားများသာဖြစ်သည်ဟု ပြန်လည်ဖြေကြားခဲ့သည်။

စစ်ကောင်စီ၏ လက်ခတ်တောင်လက်နက်ကြီးစခန်းကုန်းအား ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်နေ့တွင် KNLA ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်သိမ်းယူခဲ့ပြီး လက်နက်ခဲယမ်းမီးကျောက် အမြောက် အများလည်း သိမ်းဆည်းရမိခဲ့သည်ဟု KNU -ကရင်အမျိုးသားအစည်းအရုံး ဖေ့ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖော်ပြခဲ့သည်။

ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်-BGF ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူသည် ၎င်း၏သားဖြစ်သူ ဗိုလ်မှူးစောအဲမှူးနှင့် ဗိုလ်မှူးစောချစ်ချစ်တို့ကို BGF တပ်ဖွဲ့တွင် အရာရှိအဖြစ် ခန့်အပ်ခဲ့ပြီး စောချစ်ချစ်အနေဖြင့် စစ်ကောင်စီတပ်နှင့်ပူးပေါင်းပြီး စစ်ဆင်ရေးတိုက်ပွဲများတွင် ၎င်းကိုယ် တိုင်ဦးဆောင်ကွပ်ကဲနေသည့် ရုပ်သံဗီဒီယိုဖိုင်များလည်း လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မကြာခဏ ထုတ်ဖော်ပြသလျက်ရှိသည်ဟု သိရသည်။