Home သတင်း ဘီးလင်း၊ အလူးကျေးရွာအုပ်စုတွင် ရေနစ်မြှုပ်မှုဖြစ်ပွား

ဘီးလင်း၊ အလူးကျေးရွာအုပ်စုတွင် ရေနစ်မြှုပ်မှုဖြစ်ပွား

987
Photo: Crd.

ဩဂုတ် ၂ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးကျေးရွာအုပ်စုတွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းသဖြင့် နေအိမ်နှင့် အခြားအဆောက်အဦးများ ရေဖုံးလွှမ်းပြီး ကျေးရွာများအတွင်း ရေနစ်မြှုပ်နေကြောင်း ဒေသခံများ၏ ပြောပြချက်များအရ သိရသည်။

ယခုလက်ရှိတွင် အလူးကျေးရွာအုပ်စု အရှေ့ရွာလေး၊ အလယ်ရွာ၊ အနောက်ရွာကြီး၊ အနောက်ရွာလေးတို့တွင် ရေလွှမ်းမိုးနေသော်လည်း အရှေ့ရွာလေးနှင့် အလယ်ရွာတို့တွင် ရေပိုများပြီး လူနေထိုင်ရန်အဆင်မပြေတော့သည့်အတွက် ရေဖုံး လွှမ်းမှုအနည်းငယ်သာရှိသော အနောက်ရွာလေးရှိ ဇရပ်အဆောင်တွင် နေထိုင်နေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ရေက မနေ့ညနေပိုင်းလောက်ကတည်းက တဖြည်းဖြည်းတက်လာတာ။ လောလော ဆယ် ဇရပ်မှာပဲနေနေရတယ်။ လာကူတဲ့အဖွဲ့တော့ မတွေ့မိသေးဘူး။ ကိုယ့်ရွာသား အချင်းချင်းပဲ ပြန်ကူရတာပေါ့။ ရှေ့လျှောက် ရေမကျရင်တော့ ဘယ်လိုအခြေ အနေဖြစ်လာမလဲ မသိသေးဘူး။”ဟု ၎င်းက ကေအိုင်စီသို့ ယနေ့ပြောသည်။

ရေဖုံးလွှမ်းမှုပိုများသည့် ကျေးရွာများတွင် လူကြီးတစ်ရပ်နီးပါးအခြေအနေအထိ ရေနစ်မြှုပ်မှုရှိနေပြီး လတ်တလောတွင် ဒေသခံအချင်းချင်း စားသောက်ရေး အကူအညီပေးမှုအတွက် အခက်အခဲမရှိသေးသော်လည်း ဆန်ဈေးနှုန်းများမှာ နှစ်ဆနီးပါး မြင့်တက်သွားကြောင်း ထိုဒေသခံများထံမှ သိရသည်။

“အခုမိုးရွာ တော့ ဘယ်ဖက်ကမှ ပစ်ခတ်မှုမရှိတော့ဘူး။ စစ်တပ်လည်း မလာတော့ဘူး။ အဲ့ဒါကြောင့် ရွာကအိမ်တွေမှာပြန်နေကြတာ။ ပြန်နေနေတဲ့ အချိန်ကျမှ မိုးသည်းပြီး ရေကြီးလာတာ။ ရေမကြီးတဲ့ရွာကလူတွေက တဆင့်ဆင့်ပြန် ကူပေးတယ်။ ဆန်ဈေးတွေလည်း တက်ကုန်တယ်။”ဟု လက်ရှိကျေးရွာတွင်း အခြေအနေနှင့်ပတ်သက်၍ အခြားဒေသခံတစ်ဦးကလည်း ယနေ့တွင် ပြောသည်။

Photo: Crd.

အလူးလေးကျေးရွာအုပ်စုအတွင်း ယခုကဲ့သို့ ရွာလုံးကျွတ်နီးပါးအထိ ရေနစ်မြှုပ် မှုဖြစ်ပွားသည်မှာ ပထမဆုံးအကြိမ်ဖြစ်သလို စစ်ကောင်စီ လက်အောက်ခံ စာသင်ကျောင်းများလည်း ရေဖုံးလွှမ်းနေ၍ လက်ရှိတွင် ပိတ်ထားရသည့် အခြေအနေ ဖြစ်ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

မြန်မာနိုင်ငံတောင်ပိုင်းဒေသ အခြေပြုသည့် မွန်၊ ကရင်၊ တနင်္သာရီ မိုးလေဝသ စင်တာ ကလည်း ယနေ့နံနက်ပိုင်း၏ ဘီးလင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အထက် ၈ လက်မ အကျော်တွင်ရှိနေပြီး ၂၄ နာရီအတွင်း ဆက်လက်မြင့်တက်နိုင်သဖြင့် မြို့နယ်အတွင်း မြစ်ကမ်းနံဘေးနှင့်မြေနိမ့်ရပ်ကွက်နေ ဒေသခံများ ကြိုတင်ပြောင်းရွှေ့နေထိုင်ရန် အသိပေး ထုတ်ပြန်ထားသည်။

အလားတူ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ အရှေ့တောနယ်ဒေသ ထားဝယ်-ထီးခီးလမ်းပိုင်းနှင့် ခမာင်းသွယ်လမ်းပိုင်းတို့တွင်လည်း ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ကားလမ်းရေကျော်မှုများရှိလာ သဖြင့် မော်တော် ယာဥ်ပြေးဆွဲခြင်းများ ရပ်ဆိုင်းထားရသလို မြေနိမ့်ပိုင်းနေဒေသခံအချို့လည်း ကုန်းမြင့်ရာအရပ်များသို့ ပြောင်းရွှေ့နေထိုင်နေရကြောင်း သိရှိရသည်။