Home သတင်း အမြင်သဘောထားကဏ္ဍ

အမြင်သဘောထားကဏ္ဍ

471

အမြင်သဘောထားကဏ္ဍ

ပြီးခဲ့သည့် ဇူလိုင်လ ၃၁ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီမှ ကာလုံအစည်းအဝေးခေါ်ယူပြီး စစ်အုပ် ချုပ်ရေး သက်တမ်း ၆ လတိုးမြှင့်ခြင်းနှင့် ယမန်နေ့ ဩဂုတ်လ ၁ ရက်နေ့တွင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့အား ပြစ်ဒဏ်ချမှတ်ပြီးသား အမှုအချို့ကို လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်ကြောင်း ထုတ်ပြန်ကြေငြာသည့်အပေါ် တော်လှန်ရေးအင်အားစု၊ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူနှင့် နိုင်ငံရေးဆိုင်ရာ သုံးသပ်သူများ၏ အမြင်သဘောထားများကို စုစည်းဖော်ပြလိုက်ပါသည်။

ပဒိုစောကလယ်စေး ။ ။ ပြောရေးဆိုခွင့်ရှိသူ၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး
သက်တမ်း ၆ လတိုးတာက စစ်အာဏာရှင်တွေရဲ့ လုပ်ထုံးလုပ်နည်း လုပ်နေကြတစ်ခုပဲလို့ ကျနော်တော့ မြင်တယ်။ နောက်တော့ နိုင်ငံရေးအကျဉ်းသားလွှတ်တာကလည်း ဒီတိုင်းပဲ သူတို့အစဉ်အဆက်ပြု လုပ်ခဲ့ တယ်လို့ ကျနော်တို့ပြောလို့ရတာပေါ့နော်။ ဒေါ်စုနဲ့သမ္မတကြီးကို ပြစ်ဒဏ်လျှော့ပေးတာကတော့ ကျနော်တို့အနေနဲ့ ဒါကောင်းတဲ့အလုပ်လို့မြင်ပေမဲ့ ဒါကဒီနိုင်ငံရဲ့ပြဿနာဖြေရှင်းတဲ့အခါမှာ အဓိက ကျတဲ့ကိစ္စတစ်ခုပဲဖြစ်တယ်။ ဒါပေမယ့်အကုန်လုံးပြီးသွားမှာတော့ မဟုတ်ဘူးလို့ မြင်တယ်။ အဲ့ဒါ ကြောင့်မို့ အားလုံးပြေလည်သွားဖို့ဆိုရင် ဒီလိုလုပ်ရပ်အပြင် စစ်တပ်ကနေပြီးတော့ စစ်တန်းလျားကို ပြန် အာဏာသိမ်းမှုကို ရပ်တန့်၊ နောက်ပြီးတော့ အရပ်သားအစိုးရလက်ထဲကို ပြန်ပြီးတော့ အာဏာလွှဲတာ ကတော့ ဒါကသူ့ရဲ့အဖြေဖြစ်တယ်လို့ ကျနော်တို့တော့ မြင်တယ်။ တစ်နိုင်ငံလုံးကလည်း ဒါမျိုးကိုပဲ လိုလားတယ်လို့ ကျနော်တို့က မြင်တယ်။

အခုကျနော်တို့ ပြည်တွင်းနိုင်ငံရေးအခြေအနေကို ကြည့်မယ်ဆိုရင် သူ့အတွက်အရမ်းကို အကြပ် အတည်းဖြစ်တယ်ဆိုတာ ငြင်းလို့မရဘူးပေါ့နော်။ အဲ့ဒါကြောင့် ဒီအကြပ်အတည်းကို ကျော်လွှားနိုင်ဖို့ အတွက် လုပ်တဲ့အလုပ်တစ်ခုပဲလို့ ကျနော်တို့လည်း မြင်တယ်။ ဒီအကြပ်အတည်းကို ကျော်လွှားနိုင်ဖို့ ရ မရဆိုတာက ကျနော်တို့ သိရသလောက်ဆိုရင် တစ်နိုင်ငံလုံးက ဒီလိုလုပ်ရပ်အတိုင်းအတာ တစ်ခုလောက်နဲ့ဆိုရင်တော့ ကျော်လွှားလို့ရမှာ မဟုတ်ဘူး။

ဦးနေဘုန်းလတ် (ပြောရေးဆိုခွင့်ရှိသူ၊ NUG -အမျိုးသားညီညွတ်ရေးအစိုးရ)
ပထမ ၆ လတုန်းတုန်းကလည်း တော်လှန်ရေးအင်အားစုတွေကို ချေမှုန်းမယ်ဆိုပြီး ကြွေး ကြော်ခဲ့တာတွေရှိတယ်။ ဒါပေမယ့် အောင်တွင်းပျက်ခဲ့တယ်လို့ ကျနော်က ဒီလိုပဲမြင်တယ်။ ဘာဖြစ်လို့ လဲဆိုတော့ ချင်းပြည်နယ်၊ ကရင်နီပြည်နဲ့ စစ်ကိုင်း၊ မကွေးတွေမှာတောက်လျှောက်စစ်ကြောင်း ထိုး ပေမယ့်လည်း ဘယ်နေရာမှအောင်မြင်မှုမရဘဲနဲ့ တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေဘက်ကပဲ ပိုပြီးစိုးမိုးနိုင်တဲ့အနေအထားတွေဖြစ်လာတယ်ပေါ့နော် ပထမ(၆)လမှာ။ အခုလည်း အဲဒီအတိုင်းပဲ နောက်ထပ် ၆ လထပ်ပြီးတော့ မလိမ့်တစ်ပတ်နဲ့ပဲ နောက်ထပ် ၆လ ထပ်တိုးတယ်ပေါ့။ အရင်အ ကြောင်းပြချက်အတိုင်းပဲ တော်လှန်ရေးကို တည်ငြိမ်အောင်လုပ်မယ်ပုံစံမျိုးနဲ့ ထပ်တိုးတယ်လို့ပဲ ကျနော် တို့ ဒီလိုပဲသိရတယ်ပေါ့နော်။ အဲဒီတော့ဘယ်လိုအကြောင်းနဲ့ပဲတိုးတိုး သေချာတာတစ်ခုကတော့ နောက် ထပ် ၆လ ထပ်တိုးလည်း မင်းအောင်လှိုင်ရဲ့ အကြံအဉာဏ်တွေ အစီအရင်တွေက အားကောင်းနေတဲ့ တော်လှန်ရေးကိုယှဉ်ပြီးတော့မှ ဘယ်လိုမှ အောင်မြင်မှာမဟုတ်ဘူးလို့ပဲ ဒီလိုပဲသုံးသပ်ပါတယ်။

အခုကတော့အားလုံးသိကြတဲ့အတိုင်း မျက်နှာစာအရပ်ရပ်ပေါ့ စစ်ရေးအရကြည့်မလား၊ နိုင်ငံရေး အရ ကြည့်မလား၊ နောက်ပြီးပြည်သူလူထုထောက်ခံမှုကြည့်မလား ဘဏ္ဍာရေးအရကြည့်မလား အစရှိ သည်ဖြစ်ပေါ့၊ စစ်မျက်နှာအရပ်ရပ်မှာ စစ်အုပ်စုက ဒါအရှုံးကြီးရှုံးနေတဲ့အနေအထားပေါ့နော်။ ဘဏ္ဍာရေး အရကြည့်ရင်လည်း အခုနှစ်သောင်းတန်ငွေစက္ကူတွေတောင် ပိုက်ဆံတွေရိုက်ထုတ်ပြီး သူ့ စစ်သားတွေ၊ သူ့ဝန်ထမ်းတွေကို ထိန်းနေရတဲ့အနေအထားဖြစ်တာပေါ့နော်။ တစ်နိုင်ငံလုံးမှာလည်း နေရာအနှံ့မှာ စစ်မျက်နှာတွေ ဖွင့်နေရတော့ စစ်ရေးအသုံးစရိတ်သုံးနေရတဲ့အခြေအနေလည်း ရှိတာပေါ့နော်။ ပြောရ မယ်ဆိုရင် အဖက်ဖက်က ရှုံးနိမ့်နေတဲ့စစ်အုပ်စုကတော့ သူ့အာဏာတည်မြဲရေးကို လှည့်ကွက် ပေါင်းစုံသုံးရတဲ့ အနေအထားရှိတယ်။ ကျနော်တို့ တော်လှန်ရေး အင်အားစုတွေ အနေနဲ့ကတော့ ကိုယ်ပေးနေတဲ့ဖိအားတွေကို ဆက်တိုက်ထပ်ထပ်တိုးပြီးတော့ ပေးဖို့နဲ့ နောက်ပြီးတော့ ကျနော်တို့ တော်လှန်ရေး ရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ပြည် ထောင်စုကြီးကို အားလုံးပူးပေါင်းပြီး တည် ဆောက်နိုင်ဖို့ကို ကျနော်တို့ အာရုံထားရမှာပေါ့နော်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်မြင့်ကို လွတ်ငြိမ်းသက်သာခွင့်ပေးတာနဲ့ပတ်သက်ပြီး စစ်အုပ်စုဘက် တော်တော်အကြပ်ရိုက်တယ်လို့ ကျနော်ကတော့မြင်တယ်။ တစ်ဖက်မှာလည်း အရှေ့မှာ ကျနော် ဆွေးနွေးခဲ့သလိုပဲပေါ့နော်၊ အဖက်ဖက်မှာရှုံးနိမ့်နေတဲ့အတွက်ကြောင့်မို့လို့ သူတို့ရဲ့ နောက်ဆုံး ထွက်ပေါက်အနေနဲ့ နိုင်ငံ့ခေါင်းဆောင်ဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို ထုတ်ပြီးတော့ နိုင်ငံရေးကစားချင်တဲ့သဘောရှိတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း ဒီပုဂ္ဂိုလ်တွေကို လွတ်လည်း မလွတ်ရဲတဲ့အနေထားမျိုးပေါ့နော် ။ ဘာဖြစ်လဲဆိုတော့ ကျနော်တို့ခေါင်းဆောင်တွေကို ကျနော်တို့ယုံတယ်။ ဒီနွေဦးတော်လှန်ရေးကို သူတို့က သိရှိနေပြီးတော့ တစ်သားထဲအတူရှိနေမယ်လို့ ကျနော်တို့က ယုံကြည်တယ်။

အဲဒီတော့စစ်ကောင်စီ လွတ်ပြီးတော့ နိုင်ငံရေးကစားချင်တာမျိုး နိုင်ငံတကာ ဖိအားလျော့ပါး အောင်လုပ်ချင်တာမျိုးလည်းရှိတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်းခေါင်းဆောင်တွေကို လွတ်ဖို့လည်း မလွတ်ရဲတဲ့အခြေအနေမှာရှိတာပေါ့နော်။ အဲဒီအခက်အခဲတွေကို ရင်ဆိုင်နေရတဲ့အခါကျတော့ ပြည်သူ လူထုကို ဝေဝေဝါးဝါးဖြစ်အောင် တကယ်လွတ်တာလည်းမဟုတ်ဘဲနဲ့ လျှော့ပေါ့ပေးတဲ့သဘောပဲ။ အဲလိုပုံစံမျိုးနဲ့ ပြည်သူလူထုကိုဝေဝါးအောင် တော်လှန်ရေးကို အရှိန်လျော့အောင် နောက်ပြီးတော့ တော်လှန်ရေးအင်အားစုတွေကြာမှာ သွေးခွဲမှုတွေဖြစ်အောင် ဒီလိုပဲနိုင်ငံရေးကစားတယ်လို့ပဲ သုံးသပ်ပါတယ်။

ခွန်မြင့်ထွန်း။ ။ ဥက္ကဋ္ဌ ၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNFC
အဓိကကတော့ စစ်ကောင်စီဟာ တကယ့်သဘောထားအမှန်အနေနဲ့လုပ်နေတာ မဟုတ်ဘဲ သူတို့မှာ ကျရောက်နေတဲ့ အခက်အခဲအကြပ်အတည်းတွေကို ဖြေလျှော့နိုင်ဖို့အတွက် စဉ်းစားပြီး ပြုလုပ်တာဖြစ်တယ်။ တိုင်းပြည်အတွက်တော့ စဉ်းစားမှာ မဟုတ်ဘူး။ ထိုနည်းတူစွာပဲ သူတို့ကိုယ် တိုင်က ၂၀၀၈ ဖွဲ့စည်းပုံနဲ့မညီတော့ဘဲ သက်တမ်းတိုးတာတွေကို လုပ်နေကြတော့ ကျနော်တို့နိုင်ငံမှာ တရားဥပဒေစိုးမိုးရေးက ပိုပြီးတော့ မဲ့သွားတာပေါ့နော်။

နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးဝင်းမြင့်တို့ကို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ပြစ်ဒဏ်လျှော့ပေါ့ ပေးတယ်ဆိုတာလည်း စစ်ကောင်စီဟာ ရှိနေတဲ့ဖိအားတွေ လျော့လိုလျော့ငြား လုပ်တာဖြစ်မယ်။ သေချာတာကတော့ တိုင်းပြည်အပေါ်စေတနာထားပြီး ဆောင်ရွက်ပေးတာမျိုး နောက်ပြီး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ပြစ်ဒဏ် လျှော့ပေါ့လွတ်ငြိမ်းချမ်းသာခွင့်ရသူတွေအတွက် စေတနာထားပြီး ဆောင်ရွက်ပေးတာမျိုး တော့ မဟုတ် ပါဘူး။ အခြားထက်ကျနော်တို့က နွေဦးတော်လှန်ရေး အောင်မြင်ဖို့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့နဲ့ ဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်ဖို့အပေါ်မှာပဲ ဆုပ်ကိုင်ပြီး အားလုံးညီညီညွတ်ညွတ် လုပ်သွားဖို့ပဲ ထပ်လောင်းပြောချင်ပါတယ်။

နန်းမို့မို့ ။ ။ အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ် -WLB
ဒါတွေကိုလည်း အစကတည်းက တွက်ချက်သုံးသပ်ပြီးသားဖြစ်တယ်။ စစ်တပ်က ၂၀၂၁ အာဏာသိမ်းလိုက်တဲ့ဟာနဲ့ပတ်သက်လို့ရှိရင် သူက စသိမ်းလိုက်ကတည်းကိုက အကြောင်းအရင်းကိုက မခိုင်မာနေဘူးလေ။ အဲ့ဒီမှာကတည်းကိုက အဲ့ဒီကိစ္စကိုဘဲ မဟုတ်ဘူး။ တကယ့်ကို နိုင်ငံရေး မှာပိုပြီး တော့ စစ်တပ်ရဲ့ပါဝင်မှုကိုဆက်ပြီးတော့ရှိချင်တယ်။ သူတို့ရဲ့အကျိုးစီးပွားကိုပိုပြီးတော့ ကာကွယ် ချင်တယ်ဆိုတဲ့စဉ်းစားချက်တွေနဲ့ ဒီ၂၀၂၁ ကတည်းက အာဏာသိမ်းတာဖြစ်တော့ ကျမတို့ အနေနဲ့ကတော့ ဒီအာဏာသိမ်းမှုက ခဏလေးနဲ့ပြီးသွားမယ်လို့တော့ ကျမတို့ကမသုံးသပ်ဘူး။

ဆိုတော့ ကျမတို့မြင်တာကတော့ ဒီအာဏာသိမ်းတဲ့ကိစ္စက လွယ်လွယ်ကူကူနဲ့ သူတို့ပြီးမှာမ ဟုတ်ဘူး။ အခု ၆ လဆိုပေမဲ့လည်း ၆လအတောအတွင်းမှာ သူတို့လုပ်ချင်ရာ သူတို့လုပ်မှာပေါ့နော်။ အထူးသဖြင့် သူတို့ကြွေးကြော်နေတဲ့ ရွေးကောက်ပွဲကို သူတို့ဒါပြည်သူလူထုကပေးတဲ့တရားဝင်မှုနဲ့ နိုင်ငံ တကာကို အသိအမှတ်ပြုမှုတွေရအောင်တော့ မဖြစ်မနေသူတို့လုပ်နေအုံးမှာပဲ။ အဲ့ဒါတောင်မှ နောက် ထပ် ၆ လပြီးရင် ပြီးပြီလားဆိုတော့ မဟုတ်ဘူး။ ဒီအတောအတွင်းမှာ ၆ လပြီးသွားရင်တောင်မှ သူတို့ တွေအနေနဲ့ ဒီနိုင်ငံရေးထဲမှာ ပါဝင်လို့ရအောင် သူတို့အကျိုးအမြတ်တွေ ကာကွယ်လို့ရအောင် ပုံစံအမျိုးမျိုးနဲ့လုပ်နေအုံးမှာပဲလို့တော့ ကျမတို့ကတော့မြင်တယ်။

အခုသက်တမ်းတိုးတာက အဓိကကတော့ ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်မို့ အစီအစဉ်တွေလည်းရှိတယ်။ ဒါပေမဲ့တစ်ဖက်မှာက ဒီရွေးကောက်ပွဲကလည်း ဖြစ်လို့လည်း မရဘူး။ အဲ့လိုသူတို့ရဲ့တရားဝင်ဖို့ကို အများကြီးကြိုးပမ်းလေလေ ဒီမြန်မာနိုင်ငံမှာ ဒီထက်ပိုပြီး သွေးထွက်သံ ယိုမှုတွေက ပိုပြီးတော့များပြားလာမှာပဲလို့ ကျမကမြင်တယ်။ သူတို့က ပုံစံမျိုးစုံနဲ့ ဒီလာမယ့် ၆ လမှာဆိုလို့ရှိရင်လည်း တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်တာတွေလည်း ပိုပြီးတော့ လုပ်လာနိုင်မယ်လို့ မြင်တယ်။ တစ်ဖက်မှာလည်း အဲ့ဒီဟာကို လက်မခံတဲ့အတွက်ကြောင့်မို့လို့ ကျမတို့က ဒါလက်နက်ကိုင်တော်လှန်တာပါဆိုတာက အများကြီးပဲ ဖြစ်နေတယ်ဆိုတော့ ဆုံးရှုံးမှုတွေ၊ သွေးထွက်သံယိုမှုတွေက ပိုပြီးတော့များမယ်လို့ မြင်တယ်။

နောက်တစ်ခုကတော့ ဒီနိုင်ငံတကာရဲ့ဖိအားပေးမှုတွေကလည်း များမယ်လို့မြင်တယ်။ အရမ်းကို စောင့်ကြည့်နေဖို့လိုတာက နိုင်ငံတကာရဲ့ပါဝင်မှု နိုင်ငံတကာရဲ့ဖိအားပေးမှုက ဘယ်လိုဖြစ်မလဲဆိုတဲ့ ဟာမျိုးကို သေသေချာချာလေး စောင့်ကြည့်ဖို့လိုမယ်လို့ မြင်တယ်။ ဒီအာဏာသိမ်းတဲ့ကိစ္စကို သူတို့ရဲ့ အာဏာပြန်လွှဲဖို့ကိစ္စတွေကို တာဝန်ယူမှုတာဝန်ခံမှု ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ နိုင်ငံတကာဆို လို့ရှိရင် ပုံစံမျိုးစုံပဲလုံးဝကို စီးပွားရေးပိတ်ဆို့လိုက်တာမျိုးတွေရှိတယ်။ နိုင်ငံတကာ အနေနဲ့ကလည်း သူတို့ဘယ်လိုခြေလှမ်းတွေ လှမ်းမလဲပေါ့နော်။ သုံးသပ်ရမယ်ဆိုလို့ရှိရင် အကြမ်းဖက်စစ်တပ်ကတော့ သူ့ရဲ့ဗျူဟာတွေက ဒီနိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်က အရေးပါအရာရောက်တယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်မပါရင် နိုင်ငံရေးမပြီးဘူးလို့ ယုံကြည်နေတဲ့အဖွဲ့တွေကလည်း ရှိတယ်ပေါ့နော်။ ဒေါ်အောင်ဆန်းစုကြည်မှမပါရင် ပဋိပက္ခတွေကို ဖြေရှင်းနိုင်မှာမဟုတ်ဘူး။ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင်မှာမဟုတ်ဘူးဆိုတဲ့ ယုံကြည်နေတဲ့ တော်လှန်ရေးအင်အားစုတွေကလည်း ရှိနေတယ်။

အဲ့တော့ စစ်တပ်ကတော့ သူဘယ်လိုမှသူအာဏာရရှိဖို့အရေး သူ့တည်မြဲရေးကိစ္စကို ဒေါ်အောင် ဆန်းစုကြည်တို့ သမ္မတဦးဝင်းမြင့်တို့ပေါ့နော် ကျန်တဲ့အဖမ်းခံရတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို လွှတ် ပေးပြီးတော့ တစ်စုံတစ်ခုလည်းကြိုးပမ်းလာနိုင်တယ်လို့ မြင်တယ်ပေါ့နော်။ အဲ့ကြောင့်မို့လို့ အာဏာ သိမ်းပြီးနောက်ပိုင်း ၂ နှစ်ကျော်ကာလ ၃ နှစ်မှာ တော်လှန်ရေး အင်အားစုတွေက တိုင်းရင်းသား အခြေပြုတော်လှန်ရေးအင်အားစုတွေရော တစ်ခြားနယ်မြေဒေသတွေမှာရောပေါ့ တော်လှန်ရေး အင်အားစုတွေက အများကြီးရှိလာတယ်။ ဒီဟာတွေကို သူတို့ထိန်းချုပ်မနိုင်တော့တဲ့အနေအထားမှာ သူတို့ဘက်မှာအရင်းအမြစ်မရှိတော့တဲ့ အနေအထားမျိုးမှာ သူတို့တွေက နိုင်ငံတကာကနေမှ လျစ် လျူရှုတယ်ဆိုလို့ရှိရင်တော့ နောက်ဆုံးအနေနဲ့ ဒါဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအပြောင်း အလဲတွေကို လုပ်ဆောင်လာနိုင်တယ်လို့ ကျမတို့မြင်တယ်။

ဒေါ်နိုးနိုးထက်စံ။ ။ လူ့ဘောင်သစ်ဒီမိုကရက်သစ်ပါတီ-DPNS
သူတို့ ၆ လသက်တမ်းတိုးတာက ကျမအတွက်တော့ မျှော်လင့်ပြီးသားကိစ္စဖြစ်တဲ့အတွက် သိပ်ပြီးတော့ မထူးဆန်းဘူးပေါ့။ ဒါပေမဲ့ အဲ့ဒီ ၆ လ အလားလာမှာ သူတို့ကတော့ လာမယ့်အချိန်ကိုတော့ ရွေးကောက်ပွဲနဲ့ ထွက်ပေါက်လုပ်ချင်ပုံတော့ရတယ်။ သူတို့ရွေးကောက်ပွဲလုပ်ဖို့အတွက် အများကြီး ကြိုးစားတယ်။ ဒါပေမဲ့ မဖြစ်နိုင်ဘူးပေါ့လေ။ တကယ်တမ်းပြောမယ်ဆို သူတို့က ၂၀၀၈ ဖွဲ့စည်းပုံကို ဆက်ပြီး အသက်သွင်းမို့ကြိုးစားတာပေါ့။ အသက်သွင်းဖို့ ကြိုးစားခဲ့တဲ့အတွက် မဲလိမ်မဲခိုးမှုဆိုပြီးတော့ အကြောင်းပြပြီးအာဏာသိမ်းတာ။ ဆိုတော့ အဲ့မှာ ၆ လသူတို့တိုးတယ်။ အခု ၆လထပ်တိုးတယ်။ သူတို့မှာ တိုးခွင့်မရှိတော့ဘူးပေါ့၊ အဲ့ဒီအတိုင်းအတာ ဆက်လုပ်ချင်တယ်ဆိုရင်တောင် လုပ်ခွင့်မရှိဘူး။ တရားမဝင်တဲ့လုပ်ရပ်မှန်သမျှကို လုပ်တဲ့ ဒီစစ်အုပ်စုဟာ အခုအချိန်လည်း သူတို့ကတရားလက်လွတ် ဆင်ခြင်နိုင်ဖို့အတွက် သူတို့ဆက်လုပ်နိုင်ဖို့အတွက် ဒီလိုပဲသက်တမ်းတိုးတယ်လို့ ကျမတို့ယူဆတယ်။

နိုင်ငံရေးအရ ဂုဏ်သိက္ခာအဖတ်ဆယ်လို့မရတော့ဘူး။ သူတို့က ပြစ်မှုဆိုင်ရာ လည်းကျူး လွန်ထားတဲ့သူ ဖြစ်နေပြီးပေါ့နော်။ ဘာပဲပြောပြော သူတို့က ICJ မတက်ရအရေးက သူတို့အတွက် အ ရေးကြီးတာပေါ့။ အဲ့အခင်းအကျင်းတွေ သူတို့ပြင်ဖို့ရှိတယ်။ အဲ့ ၂ ခုနဲ့ သူတို့ကြိုးစားလိမ့်မယ်လို့ ထင်တယ်ပေါ့နော်။ ၆ လကာလမှာ သူတို့လုပ်မှာက ရွေးကောက်ပွဲကို သူတို့လုပ်ဖို့ ကြိုးစားလိမ့်မယ်။ သူတို့ကို တရားစွဲထားတဲ့ ICJ ခုံရုံးကိုမတက်ရရေးအတွက် အရောင်ပြအလုပ်တွေလုပ်မှာပဲပေါ့။ ၂၀၀၈ ဖွဲ့စည်းပုံကနေ သူတို့လုပ်တဲ့ဟာအခုအချိန်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် သူတို့ချိုးဖောက်သွားပြီး။ အာဏာသိမ်းကတည်းက သူတို့ပျက်နေပြီး။

အခု ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့်ကို ဘာပဲပြောပြော ပုဒ်မတွေ ဘယ်လောက် ဘယ်လောက်လျှော့တယ်။ အခုဒါသိပ်မကြာခင် ၈၈၈၈ အချိန်ရောက်တဲ့အချိန်ကျရင် နိုင်ငံရေး အကျဉ်း သားတွေ လွှတ်ပေးတယ်။ စသဖြင့် အရောင်ပြအလုပ်တွေက သူတို့လုပ်မှာပဲ နိုင်ငံရေးအကျဉ်းသား တွေကလည်း အရင်ကတည်းက ဘာပြစ်မှုမှ ကျူးလွန်ထားတာမဟုတ်ဘူး။ နိုင်ငံကောင်းဖို့ အတွက်လုပ် တဲ့သူတွေရော၊ အမျိုးသမီးတွေရော သူတို့ဖမ်းထားတာ သတ်ဖြတ်ထားတယ်။ ဆိုတော့ ဒါတွေကို ဖြေလျော့မှုရဖို့အတွက် ဆက်ပြီးကြိုးစားလိမ့်မယ်လို့ အဲ့လိုပဲထင်ပါတယ်။ ပြစ်ဒဏ်လျှော့ ပေါ့ တယ်ဆိုတာက သူတို့ရဲ့ခြေလှမ်းတစ်လှမ်းအတွက် တိုင်းပြည်ကို အကောင်းဆုံးလုပ်နေတယ်ဆိုတာ နိုင်ငံတကာကိုပြရုပ်လုပ်ဖို့အတွက် လုပ်တဲ့ကိစ္စတစ်ခုပဲလို့မြင်ပါတယ်။

နိုင်ဗညားမွန်။ ။ ပရိုဂရမ်ဒါရိုက်တာ ၊ ဖက်ဒရယ်‌ရေးရာနှင့်‌ပေါ်လစီစင်တာ
ဒီ ၆ လသက်တမ်းတိုးတယ်ဆိုတာက သူတို့ရဲ့လုပ်ရိုးလုပ်စဉ်တစ်ခုလို့ ပြောလို့ရတယ်။ ဘာလို့ လဲဆိုရင် သူတို့က အာဏာသိမ်းတဲ့အခါကျတော့ သူ့ရဲ့လုပ်ငန်းတွေကို ဆက်ထိန်းနိုင်ဖို့အတွက် အခြေခံ ဥပဒေကို အသုံးချတာမဟုတ်ဘဲ အခြေခံဥပဒေကို တစ်ကွက်ကျော်လှည့်တဲ့ပုံစံမျိုးနဲ့ပေါ့နော်။ နောက် တစ်ခုက စကစရဲ့ရပ်တည်မှုသဘောထားကို ပြောတယ်ပေါ့နော်။ အတိုက်အခံတွေကို ဖိနှိပ်မယ်။ အနိုင် ယူမယ် သူ့ရဲ့ရပ်တည်မှု အဲ့လိုပုံစံမျိုးပဲ။ အလျှော့ဘ က်ကို သွားတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ ပိုမို တင်းမာလာတဲ့သဘောထားကို ပြတယ်ပေါ့နော်။ ဒါတွေကို အကောင်အထည်ဖော်ဖို့အတွက် ဒီစစ် အုပ်ချုပ်ရေးသက်တမ်းကို တိုးတဲ့သဘောလို့ အဲ့လိုပဲ ကျနော်သုံးသပ်တယ်။

နောက်တစ်ခုကနိုင်ငံရေးအရ အသာစီးရအောင် ရယ် သတင်းထဲမှာထွက်လာတဲ့ ဒေါ်အောင် ဆန်းစုကြည်ကို အကျယ်ချုပ်ထဲမှာထားမှာလား ၊ အဲ့လိုပုံစံနဲ့ သူက အသာစီးရအောင် နိုင်ငံရေးကို ဒီဘက်က အင်အားစုလည်းကွဲအောင် သူကခွဲမယ်ဆိုတဲ့ ကစားနည်းတွေကိုဆက်ပြီး လုပ်ဆောင်တယ်။ International မှာလည်း တရားဝင်မှုရအောင်ကြိုးစားတဲ့သဘောပေါ့။ အထူးသဖြင့် ဒေါ်အောင်ဆန်းစု ကြည်နဲ့ အတွေ့ပြတဲ့ကိစ္စတွေ၊ အချုပ်ထောင်ကနေအပြင်ကိုထုတ်ပြတဲ့ကိစ္စတွေ ဒါမျိုးတွေကို သူက ဆက်လက်လုပ်ဆောင်မှာဖြစ်တယ်။ သေချာတာကတော့ သူတို့က စစ်ရေးလှုပ်ရှားမှုကို အရှိန်မြင့်ပြီး တော့ လုပ်ဆောင်လာမှာဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ ထိုင်းနဲ့ ပေးတွေ့တဲ့ကိစ္စတွေ နောက်ပြီးတော့ အကျဉ်းထောင်ကနေ အပြင်ကိုထုတ်တဲ့ကိစ္စတွေက ဘာကို ညွှန်းလဲဆိုရင် စကစမှာ ဘက်ပေါင်းစုံတွေ တော်တော်အကြပ်ရိုက်တဲ့အနေအထားကို ပြတဲ့ အတွက်ကြောင့်မလွဲသာမရှောင်သာ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပြီးတော့ ကစားလာရတဲ့အနေအထားမျိုးဖြစ်တယ်။

ဒါပေမယ့် သိတဲ့အတိုင်းပဲလေ စကစက နေရာတကာမှာ ဘယ်လောက်ပဲထိုးစစ်ဆင်၊ ထိုးစစ် ဆင်ပေါ့လေ မြေပြင်မှာက သူတို့ဘက်က အကျအရှုံးတွေနဲ့ ဆက်တိုက်ကြုံနေရတဲ့ အနေ အထားမျိုးဖြစ်နေတယ်။ လူထုထောက်ခံမှုလည်း လုံးဝမရှိတဲ့အနေအထားမျိုးပေါ့။ ဒါကလူတိုင်း သိတဲ့ကိစ္စမျိုးလည်းဖြစ်တယ်။ နောက်ပြီး သူတို့ဆက်ပြီးလုပ်နိုင်တာက EAO/ERO တိုင်းရင်းသား အဖွဲ့အစည်းကို အတွေ့ပြတဲ့ပုံစံမျိုး ဒါကသူဆက်လက်လုပ်ဆောင်နေမှာပဲ။ တစ်ခုလုံးခြုံပြီးကြည့််ရင် စကစကဘက်ပေါင်းစုံက တော်တော်အကြပ်အတည်းဖြစ်တဲ့ အနေအထားမျိုးဖြစ်တယ်။ ဒီအနေအ ထားမျိုးဖြစ်လို့သာလျှင် နိုင်ငံရေးကနေ သူဖယ်ဖို့ဆုံးဖြတ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုပြန်လည်ပြီး ထုတ်သုံးရတဲ့ပုံစံမျိုး ဖြစ်တယ်ပေါ့နော်။ ဒါကြောင့် တစ်ဖက်က ဒီနိုင်ငံရေးကို ကစားဖို့အချိန်ယူရင်းနဲ့ တစ်ဖက်ကလည်းထိုးစစ်ကိုဆင်ဖို့ရည်ရွယ်ချက်နဲ့ ဒီအရေးပေါ်လကို ထပ်ပြီးတော့တိုးချဲ့သွားတဲ့ပုံစံမျိုးလို့ အဲ့လိုပဲ ပြောချင်ပါတယ်။

ဘီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦး
သူတို့ကတော့ သူတို့အနေအထားနဲ့ ထပ်တိုးမယ်လို့ပြောတာ။ တကယ်တမ်းကျတော့ တိုးနိုင် တဲ့အင်အားအနေအထားကရှိမှ မရှိတာကြီးကို။ သူတို့သက်တမ်းကလည်း အဲ့လောက်ထိနေမှာမှ မဟုတ်တာ။ လောလောဆယ်မှာ ကျနော်တို့ကဒီဘက်မှာ စုဖွဲ့မှုအင်အားတွေ ပူးပေါင်းဆောင်ရွက်မှု အနေအထားလေးတွေမှာ လိုအပ်ချက်လေးတွေရှိနေတာမို့လို့ဒီအခြေအနေအထိ သူတို့ဆက် လက်ရပ် တည်နေနိုင်သေးတာ။ ကျနော်တို့က မြေပြင်တိုက်ခိုက်ရေးမှာ ကျနော်တို့ပိုသိတယ်လေ။ ဘာလို့လဲဆို ကျနော်တို့တိုက်နေရတဲ့နေရာတွေမှာ စစ်သားအစစ်တွေဆိုတာ ရှိမှမရှိတော့တာ။ ဒီကောင်တွေလည်း ကျနော်တို့တိုက်ခိုက်လို့ရှိရင် လက်နက်အင်အား လူအင်အားဘယ်တော့မှ အသာစီးနဲ့မတိုက်ခဲ့ရဖူးဘူး။

ဒီအနေအထားတွေကိုပြန်ပြီးသုံးသပ်မယ်ဆိုလို့ရှိရင် သူတို့ပြောတဲ့သက်တမ်းထပ်တိုးတာက တိုးလည်း ဘာလုပ်လို့ရမှာမို့လို့လဲ။ ထပ်တိုးလည်း သူတို့ကဆိုက်ဝါးအနေနဲ့သာ ပြည်သူကို သူတို့ သာတယ်ဆိုတဲ့ပုံစံမျိုးနဲ့ အင်အားတိုးမယ်လို့ပြောတာ။ တကယ်တမ်းမှာက သူတို့မှာဘာမှမရှိတော့ဘူး။ စစ်သည်အင်အားလည်းမရှိတော့သလို ပြန်လည်ပစ်ခတ်နိုင်စွမ်းအားအနေအထားမှာလည်းပဲ မရှိ တော့ဘူး။ လေကြောင်း သုံးခွင့်မရှိတဲ့အတိုင်းအတာတွေမှာလည်းသုံးတယ်။ လက်နက်ကြီး ၁၂၀ မမတွေလည်း ပစ်တယ်။ ဒါတွေက ရွာတွေကိုသေကြေပျက်စီးစေလိုတဲ့ ရည်ရွယ်ချက်နဲ့ပစ်တာ။

ဒါတွေက သူတို့ဘက်က အင်အားရှိလားမရှိလားဆိုတာ တွက်လို့ရတယ်။ ကျေးရွာနေပြည်သူ လူထုအထိနာလေသူတို့ကိုမလုပ်ရဲလေဆိုပြီး သူတို့တွေးပြီးတော့မှ ပစ်တာပါ။ ကျနော်တို့ အလုပ်လုပ်နေ သမျှ ဒီကောင်တွေကိုဖောက်ထွက်ပြီး အလုပ်လုပ်တယ်ဆိုလို့ရှိရင် သူတို့အနေအထားက ကျနော် တို့ဆီကို တက်လာမို့မရှိဘူး။ သူတို့နေရာမှာတင် သူတို့ကာကွယ်နေရမှာ။ တကယ်လို့အဲ့လိုမဟုတ်ဘူး ၊ ကျနော်တို့အလုပ်မလုပ်လို့ နည်းနည်းလောက်ကြာသွားမယ်ဆိုရင် သူတို့ကအင်အားစုပြီး နယ်မြေရှင်း လင်းရေးတွေ လိုက်လုပ်မှာပဲ။ ကိုယ်ပစ်ရင်သူတို့မတက်လာဘူး။ ကိုယ်မတိုးဘဲရပ်နေမယ်ဆိုရင် သူတို့ကရတဲ့အင်အားနဲ့ ကြုံသလိုတက်လာမှာပဲလေ။ အဲ့ကြောင့် ၂ ခုပဲရှိတယ်။ ကိုယ်ပစ်တာခံမလား၊ သူပစ်တာခံမလား ဒါပဲ။