Home သတင်း နေပြည်တော်သို့ ထိုးဖောက်နိုင်ရန် စစ်ရေးအသာစီး ရထားပြီဖြစ်ကြောင်း သံတောင်မြောက်ပိုင်း တော်လှန်ရေးအင်အားစုပြော

နေပြည်တော်သို့ ထိုးဖောက်နိုင်ရန် စစ်ရေးအသာစီး ရထားပြီဖြစ်ကြောင်း သံတောင်မြောက်ပိုင်း တော်လှန်ရေးအင်အားစုပြော

750

ဩဂုတ်လ ၁၆ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်နှင့် ကရင်နီ(ကယား)ပြည်နယ်အစပ်မှ နေပြည်တော်သို့ ထိုးဖောက်ဝင် ရောက်နိုင်ရေး ကရင်နီတော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းဆောင်ရွက်ရာတွင် စစ်ရေးအရ အသာစီးရထားပြီဖြစ်ကြောင်း သံတောင် မြောက်ပိုင်း (အထူးဒေသ) ကာကွယ်ရေးတပ်ဖွဲ့-NTDF က ပြောဆိုသည်။

NTDF နှင့် ရှမ်း/တောင် ဖယ်ခုံ သစ်ကြိတ်(၁၀၀၄)တပ်ဖွဲ့တို့ ပါဝင်သော ပူးပေါင်း တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ပြီးခဲ့သည့် ဩဂုတ်လ(၁၀)ရက်မှ (၁၄)ရက်နေ့အထိ ပျဥ်းမနားအရှေ့ဘက်တောင်တန်းဒေသတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင်(၅၀)ခန့်သေဆုံးကြောင်း NTDF က ယမန်နေ့တွင် သတင်းထုတ်ပြန်ထားပြီး လက်ရှိ စစ်ရေးအခြေအနေနှင့်ပတ်သက်၍ မေးမြန်းရာတွင် NTDF ၏ ပြန်ကြားရေး တာဝန်ခံ ဦးမုတ်ဆိတ်က ထိုသို့ ပြောဆိုထားခြင်းဖြစ်သည်။

“စစ်ရေးအရတော့ အသာစီးရထားပါတယ်။ ကျနော်တို့နဲ့ဖယ်ခုံ PDF နှစ်ဖွဲ့ပေါင်းပြီး လုပ်ဆောင်တာပါ။ အင်အားကတော့ သိပ်မများပေမယ့် စစ်ရေးပူးပေါင်း ဆောင်ရွက် တဲ့အနေအထားပေါ့။ စစ်ကောင်စီနဲ့အဲဒီရက်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ ၇ ပွဲမှာ သူတို့ ရဲ့ ဘို့မသံတောင်စခန်းကိုလည်း သိမ်းယူထားနိုင်ခဲ့ပါတယ်” ဟု ဦးမုတ်ဆိတ်က ကေအိုင်စီသို့ ပြောသည်။

ဩဂုတ်လ(၁၀)ရက်နေ့က ဖြစ်ပွားသည့် စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ လက်နက်များလည်း သိမ်းဆည်းရမိခဲ့ပြီး စခန်းအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ အထိနာခဲ့ပြီးနောက် နေပြည်တော်နှင့် မိုင်နှစ်ဆယ်သာကွာ ဝေးသော အဆိုပါစခန်းအား ပြန်လည်သိမ်းယူရန် စစ်ကြောင်းထိုးဝင်ရောက်မှုနှင့် ပစ်ခတ်မှုများ တန်ပြန်လုပ်ဆောင်ခဲ့သည်ဟု ၎င်းပြန်ကြားရေးတာဝန်ခံက ဆက်လက်ပြောဆိုသည်။

၎င်းက “ဘို့မသံတောင်စခန်းက ပျဥ်းမနား(ရေနီ)ဘက်ကနေ ကရင်နီပြည်နယ် မိုးဗြဲနဲ့ ဖယ်ခုံမြို့တွေဘက်ကို ဆက်သွားလို့ရတဲ့စခန်း တစ်ခုလည်းဖြစ်တယ် ။ စစ်ကောင်စီ အတွက်တော့ စစ်ရေးအရ အရေးပါတဲ့စခန်းတစ်ခုလို့လည်း ပြောလို့ရတယ်” ဟု ဆိုသည်။

ထို့အပြင် ဩဂုတ်လ(၁၁)ရက်နေ့က နှစ်ဖက်ဆက်လက်တိုက်ပွဲဖြစ်ပွားသည့် ဘို့မသံ တောင်အထက်ရွာသို့ စစ်ကောင်စီမှ လေကြောင်းပစ်ခတ်တိုက်ခိုက်ခဲ့သလို စစ်ရေးပိုမို ပြင်းထန်လာမှုကြောင့် အနီးရှိ ဘို့မအောက်၊ ဘို့မအထက်၊ တဲစု၊ ရေပူလေး အစရှိသည့် ကျေးရွာများမှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်ခဲ့ရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

အလားတူ လေကြောင်းပစ်ခတ်ခံရမှုကြောင့်လည်း ဘို့မသံတောင်အထက်ရွာမှ ဒေသခံနေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ရသလို ဒေသခံအချို့ ထိခိုက်သေ ဆုံးမှုရှိကြောင်းလည်း ဒေသခံများက ပြောသည်။

ယမန်နေ့က ထုတ်ပြန်သည့် NTDF ၏ စစ်ရေးသတင်းထုတ်ပြန်ချက်တွင် ထိုသို့ ဆက်လက်ထိုး ဖောက်ဝင်ရောက်နိုင်ရေး နေပြည်တော်အခြေစိုက် တော်လှန်ရေး အင်အားစု များအနေဖြင့် NTDF နှင့် လာရောက်ပူးပေါင်းဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်ထားသည်။

NTDF သည် သံတောင်ကြီးမြို့မြောက်ပိုင်းနှင့် ပျဥ်းမနားအရှေ့ဘက် တောင်တန်း ဒေသ တို့တွင် တော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်း၍ စစ်ကောင်စီအား တွန်းလှန် တိုက်ခိုက်နေသည့် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သလို မြောက်ပိုင်း နယ်မြေစိုး မိုးမှုအများအပြားရယူထားနိုင်သည့် တပ်ဖွဲ့တစ်ခုလည်းဖြစ်ကြောင်း သိရသည်။