Home သတင်း လက်ခတ်တောင်တိုက်ပွဲအတွင်း စစ်ကောင်စီမှ ဗိုလ်မှူး (၁)ဦးအပါအဝင် ၁၅ ဦးသေဆုံးခဲ့ကြောင်း ကော်ဘရာစစ်ကြောင်း ထုတ်ပြန်

လက်ခတ်တောင်တိုက်ပွဲအတွင်း စစ်ကောင်စီမှ ဗိုလ်မှူး (၁)ဦးအပါအဝင် ၁၅ ဦးသေဆုံးခဲ့ကြောင်း ကော်ဘရာစစ်ကြောင်း ထုတ်ပြန်

1069
Photo : Cobra column

ဩဂုတ်လ ၁၆ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မြဝတီမြို့အနီးရှိ လက်ခတ်တောင်ဘုရားကုန်းစခန်းကို ပြန်လည်ရရှိရန် ဩဂုတ်လ ၁၅ ရက်နေ့က ထိုးစစ်ဆင်လာသည့် စစ်ကောင်စီနှင့်ဖြစ်ပွားသော တိုက်ပွဲဖြစ်စဉ်တွင် စစ်ကောင်စီဘက်မှ ဗိုလ်မှူး ၁ ဦးအပါအဝင် ၁၅ ဦး သေဆုံးခဲ့သည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ကော်ဘရာ စစ်ကြောင်း တပ်ခွဲ ၃ က ယနေ့ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

ကော်ဘရာစစ်ကြောင်း၏ ထုတ်ပြန်ချက်အရ ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၃ နာရီခန့်မှစ၍ စစ်ကောင်စီဘက်မှ ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့ နယ်မြေလုံခြုံရေးယူထားသော လက်ခတ် တောင်အနီးတဝိုက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာခဲ့ရာ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း၊ တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်မှ ဗိုလ်မှူး(၁)ဦး၊ ဗိုလ်ကြီး(၁)ဦး အပါအဝင် စုစုပေါင်း (၁၅)ဦး သေဆုံးပြီး (၂၁)ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီတပ်ထံမှ 60mmကွန်မန်ဒိုပြောင်း (၁)လက်၊ MAsniper (၁)လက်၊ MA4 (၂)လက်၊ MA3 (၃)လက်၊ MA2 (၄)လက်၊ MA1 (၁)လက်၊ M16 (၁)လက်၊ MA ကျည်ဘောက် (၅၃)ခု၊ MA2 ကျည်ဘောက်အဝိုင်း (၄)ခု၊ M16ကျည်ဘောက် (၂)ခု၊ 5.56ကပစကျည် (၅၂၀၀) တောင့်၊ 7.62NATO ကျည် (၂၆၅၀)တောင့်၊ MAsniperကျည်ဘောက် (၁)ခု၊ 60mmဗုံးသီး (၃၆)လုံး၊ RPGဗုံးသီး (၉)လုံး၊ RPGပို့ယမ်း (၈)ခု၊ 40mmဗုံးသီး (၅၇)လုံး၊ ငါးကြင်းမြှီးပြောင်း (၂)ပြောင်း၊ ဆက်သွယ်ရေးစက် (၁)လုံး တို့အား သိမ်းဆည်းရမိခဲ့ဟုလည်း ကော်ဘရာစစ်ကြောင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

အဆိုပါ တိုက်ပွဲဖြစ်စဉ်တွင် စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးအကြိမ်ရေ (၃၀၀)ကျော်၊ Jet Fighter ဖြင့် (၃)ကြိမ်၊ Mi-35(Attack-Helicopter) ဖြင့် (၃)ကြိမ် ပစ်ခတ်ခဲ့သလို စစ်ကောင်စီ၏ လက်နက်ကြီးအလုံးအရင်းပစ်ခတ်မှုကြောင့် ဆက်သွယ်ရေးတာဝါတိုင်နှင့် သာသနာ အဆောက်အဦးများ ပျက်စီးခဲ့ရသည့်အပြင် ၎င်းတို့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် (၂)ဦး ကျဆုံးခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ပြောဆိုထားသည်။