သြဂုတ်လ ၂၄ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ရိုင်၊ မုန်းမြို့နယ်ရှိ ကျေးရွာများအတွင်းသို့ ၃ ပတ်တာအတွင်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၂၁ လုံးခန့် မီးလောင်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူဗဟိုက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။
အဆိုပါ နယ်မြေအတွင်းရှိ အင်အား (၈၀) ခန့်ရှိသော စစ်ကောင်စီတပ်၏ ခြေမြန်တပ်ရင်း (ခမရ-၅) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၈) ၏ လက်အောက်ခံ ပူးပေါင်း တပ်များအကြား ပြီးခဲ့သည့် ဩဂုတ်လ (၉)ရက်နေ့ နံနက် (၅)နာရီ အချိန်တွင် အောက်ကြာအင်း ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အောက်ကြာအင်းကျေးရွာရှိ နေအိမ်(၂၆)လုံးကို စစ်တပ်က ဝင်ရောက် မီးရှို့ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၁၈) ရက်နေ့တွင်လည်း စစ်ကောင်စီတပ်များသည် ကေအဲန်ယူ တပ်မဟာ(၃)၏ မုန်းမြို့နယ် အုပ်ချုပ်နယ်မြေအတွင်းရှိ အိမ်ခြေ စုစုပေါင်း (၁၄၈) လုံးခန့်ရှိသည့် နောင်ကုန်း ကျေးရွာအတွင်းသို့ ဝင်ရောက်ပြီး နေအိမ် (၂၇) လုံးအပြင် စပါးကျီ (၁၆) လုံး၊ တဲ(၁၁)လုံးနှင့် အခြားသောအရာများကိုလည်း မီးရှို့ ဖျက်ဆီးခဲ့သေးဟု ကေအဲန်ယူက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဆက်လက်၍ ဇူလိုင်လ (၁၉)ရက်နေ့တွင်လည်း စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း (ခလရ-၂၆၄) ၊ ခြေမြန်တပ်ရင်း(ခမရ-၃၀၇) (ခမရ-၄၃၉) (ခမရ-၃၅၀) ၊ ပျူစောထီး၊ ရဲတပ်ဖွဲ့များနှင့် KNLA တပ်ရင်း(၉) ပူးပေါင်းတပ်များအကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးသည့်နောက်တွင် နောင်ကုန်းကျေးရွာမှ နေအိမ် ၂၇လုံး နှင့် နံဇကျေးရွာမှ နေအိမ် ၆၈ လုံးတို့ကို စစ်တပ်က ထပ်မံမီးရှို့ဖျက်ဆီးခဲ့သည်ဟု ကေအဲန်ယူဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
စစ်ကောင်စီတပ်၏ နေအိမ်မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသည့်နေအိမ် စုစုပေါင်းအရေအတွက်ကို ဖော်ပြထားသော်လည်း ထွက်ပြေးတိမ်းရှောင်နေကြရသည့် အရပ်သားပြည်သူ ဦးရေ အရေအတွက်ကိုမူ ဖော်ပြထားခြင်းမရှိပေ။