Home သတင်း ထိရောက်သော လူသားချင်းစာနာမှုအကူအညီအတွက် ကုလသမဂ္ဂအနေဖြင့် အပြောင်းအလဲလုပ်ရန် လိုအပ်ကြောင်း NUG ပြော

ထိရောက်သော လူသားချင်းစာနာမှုအကူအညီအတွက် ကုလသမဂ္ဂအနေဖြင့် အပြောင်းအလဲလုပ်ရန် လိုအပ်ကြောင်း NUG ပြော

907
Photo: NUG

ဩဂုတ်လ ၂၄ ရက်၊ ၂၀၂၃ ခုနစ်။ ကေအိုင်စီ

မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုအကူအညီများပေးရာတွင် ထိရောက်မှုရှိစေရန် ကုလသမဂ္ဂ (UN) အဖွဲ့အစည်းများအနေဖြင့် အပြောင်းအလဲပြုလုပ်ရန် လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ -NUG ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယမန်နေ့ ဩဂုတ်လ(၂၃)ရက်နေ့တွင် ပြောသည်။

နိုင်ငံတကာအလှူရှင်များနှင့်ချိတ်ဆက်ထားသော UN အနေဖြင့် မြန်မာနိုင်ငံအတွင်း လက်ရှိ ကူညီ ထောက်ပံ့မှုများလုပ်ဆောင်ရာတွင် စစ်ကောင်စီ၏ ထိန်းချုပ်မှုမှတဆင့် သွားနေရသောကြောင့် အမှန်တကယ်အကူအညီလိုအပ်နေသော ပြည်သူများအတွက် ထိရောက်မှုမရှိသဖြင့် အကူ အညီပေး နိုင်ရေးနည်းလမ်းအား ပြောင်းလဲဖန်တီးရန်လိုကြောင်း နိုင်ငံတကာအကူအညီအတွက် NUG ချိတ် ဆက်ပါဝင်မှုအခန်းကဏ္ဍနှင့်ပတ်သက်၍ ကေအိုင်စီက ဆက်သွယ်မေးမြန်းရာတွင် ဝန်ကြီးက ထိုသို့ ပြောဆိုထားခြင်းဖြစ်သည်။

တော်လှန်ရေးအင်အားစုများ စိုးမိုးမှုနိုင်နင်းသည့်နယ်မြေများအတွင်း သက်ဆိုင်ရာအလိုက် ဖွဲ့စည်း ထားသော အုပ်ချုပ်ရေးအဖွဲ့များနှင့် NUG က ချိတ်ဆက်၍ လူသားချင်းစာနာ ထောက်ပံ့မှုအကူအ ညီများပေးလျက်ရှိသလို UN အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ အနေဖြင့်လည်း ၎င်းတို့ လမ်းကြောင်းအတိုင်း ထိုးဖောက်ဝင်ရောက်နိုင်ပါက ထိရောက်သော အကူအညီပေးနိုင်မည်ဟု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

ဝန်ကြီးက “ERO တွေ NUG နဲ့ ချိတ်ဆက်ပြီးသား CSO တွေနဲ့ ဆက်သွယ်ပြီး တိုက်ရိုက် အကူအညီပို့ နိုင်တဲ့အပြောင်းအလဲကို UN အနေနဲ့ဖန်တီးနိုင်ဖို့လိုတယ်။ လက်ရှိ ပြည်သူတွေ ထိရောက်တဲ့ အကူအညီတွေ ရရှိဖို့ ကျနော်တို့ကြိုးစားလုပ်ဆောင်ခဲ့တယ် လုပ်ဆောင်နေဦးမှာပဲ။ UN အနေနဲ့ အပြောင်းအလဲဖြစ်ဖို့‌ မျှော်လင့်တယ်။ ဒီလိုဆိုရင်ကျနော်တို့လည်း လက်တွဲပြီး ထိထိရောက်ရောက် လက်တွဲဆောင်ရွက်သွားနိုင်မှာပါ။” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ အကူအညီပေးရာလမ်းခရီးတွင် စိတ်ချလုံခြုံမှုရှိစေရန် တော်လှန်ရေးအင်အားစုများနှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်သောကြောင့် ဒေသတွင်းမဝင်ရောက်မီ NUG ထံ ကြိုတင် အကြောင်းကြားမှုပေးရန် လိုအပ်သည်ဟုလည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဆက်လက်ပြောဆိုသည်။

ထို့အပြင် ပြည်သူလူထုထိခိုက်မှုမရှိသော အကူအညီရရှိစေရန် စစ်ကောင်စီထိန်းချုပ်ရာသို့ ဖြတ် သန်းခြင်းမပြုလုပ်ဘဲ နယ်စပ်ဖြတ်ကျော်အကူအညီများအား နည်းစနစ်တကျဖြင့် အကောင် အထည် ဖော်ကြိုးစားဆောင်ရွက်နိုင်ရန်ကိုလည်း နိုင်ငံတကာအလှူရှင်နိုင်ငံများအနေဖြင့် UN သို့ တိုက်တွန်းရန်လိုအပ်ကြောင်း NUG က ထောက်ပြထားသည်။

NUG အနေဖြင့်လည်း နယ်စပ်ဖြတ်ကျော်အကူအညီပေးမှုလုပ်ငန်းများအား အကောင် အထည် ဖော်နိုင်ရန် မြန်မာနိုင်ငံနှင့်နယ်နိမိတ်ခြင်းထိစပ်နေသော နိုင်ငံများသို့ သွားရောက် ဆွေးနွေးခဲ့သလို လက်ရှိမှာလည်း ကြိုးစားလုပ်ဆောင်နေဆဲဖြစ်၍ အောင်မြင်မှုမရရှိသေးကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ(၂၁)ရက်နေ့ကလည်း ဒေါက်တာဝင်းမြတ်အေးနှင့်တကွ NUG ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့သည် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး-UNOCHA ၏ အကြီးအကဲ Mr. Martin Griffiths နှင့် အွန်လိုင်းမှတဆင့် တွေ့ဆုံ၍ UN အဖွဲ့အစည်းများအနေဖြင့် စစ်ကောင်စီ၏ လူသားချင်းစာနာမှုအကူအညီများအား လက်နက် သဖွယ် အသုံးချနေမှုကို သတိပြုရန်နှင့် ထိရောက်သောအကူအညီရရှိရန် ပို့ဆောင်နိုင်ရေး နည်းလမ်း များအား ဆွေးနွေးခဲ့ကြကြောင်း NUG ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အတူ ဝေးလံသီခေါင်သည့် ဒေသရှိ ပြည်သူလူထုများအတွက် ပဏာမကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို လုပ်ဆောင်ပေးသည့် နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားအဖွဲ့ (BPHWT) ကလည်း နိုင်ငံတကာနှင့် ဒေသတွင်း အဖွဲ့အစည်းများအနေဖြင့် အရေးပေါ် အကူ အညီများနှင့် လူသားချင်းစာနာမှု အကူအညီများ အမှန်တကယ်လိုအပ်နေသူများထံသို့ ဆက်စပ် ဆောင်ရွက် နေသူများမှတဆင့် တိုက်ရိုက်ရောက်ရှိနိုင်ရေးကို အလေးထားဆောင်ရွက်ရန် ဩဂုတ်လ ၁၈ရက် နေ့တွင် ကျရောက်သည့် အဖွဲ့အစည်း၏ တည်ထောင်ခြင်း ၂၅ နှစ်မြောက် ငွေရတုအထိမ်း အမှတ်နေ့အတွက် ထုတ်ပြန်သော ကြေညာချက်တွင် တောင်းဆိုထားသည်။