Home သတင်း လူမျိုးကြီးဝါဒနှင့်အာဏာရှင်စနစ်ပပျောက်စေရေး လူကြီး၊လူငယ်မရွေး တော်လှန်ကြရန် KNU တိုက်တွန်း

လူမျိုးကြီးဝါဒနှင့်အာဏာရှင်စနစ်ပပျောက်စေရေး လူကြီး၊လူငယ်မရွေး တော်လှန်ကြရန် KNU တိုက်တွန်း

896

ဇူလိုင် ၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

အာဏာရှင်စနစ်နှင့်လူမျိုးကြီးဝါဒ ပပျောက်စေရေး လူကြီး၊ လူငယ်မရွေး တော်လှန်ကြရန် ကရင်အ မျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၇)၏ တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဖောဒိုက ယနေ့ ကေအဲန်ယူ၏ ဗဟိုဌာနချုပ်၌ ကျင်းပပြုလုပ်သော (၇၄)ကြိမ်မြောက် ကော်သူးလေ တပ်မတော်နေ့အခမ်းအနားတွင် တိုက်တွန်းပြောဆိုလိုက်သည်။

လက်ရှိ ကေအဲန်ယူအနေဖြင့် အာဏာရှင်စနစ်နှင့်လူမျိုးကြီးဝါဒအား တိုက်ဖျက်ရန် လုပ်ဆောင်နေပြီး မိမိတို့အဖွဲ့စည်းအတွင်းရှိ အာဏာရှင်များအားလည်း လက်သင့်မခံကြောင်း၊ မြန်မာနိုင်ငံအတွင်း ခေတ်အဆက်ဆက်မှ ယနေ့ထိတိုင် ကျင့်သုံးဆဲဖြစ်သော လူမျိုးကြီးဝါဒကို ကျင့်သုံးဆဲဖြစ်ကြောင်း ဗိုလ်မှူးချုပ်စောဖောဒိုက အခမ်းအနားတွင် ယခုလိုပြောသည်။

“ကျုပ်တို့လည်း အသက်ကြီးလာပြီဆိုပေမယ့် လျှော့ချင်လည်းလျှော့လို့ရတဲ့ အနေအထားမဟုတ်ဘူး၊ ဒါကြောင့် လူငယ်လေးတွေကိုပြောချင်တာက ကိုယ့်လူကြီး တွေရဲ့ရှေ့ဆောင်မှုကိုအတုယူပြီးတော့ လူမျိုးကြီးဝါဒနဲ့အာဏာရှင်စနစ်ကို တိုက်ထုတ်ရမယ်၊ ဘယ်လူမျိုးမဆို အာဏာရှင်စနစ်ကျင့်သုံးလာပြီဆို မရတော့ဘူး။ ဒါကြောင့် ဒီခေတ်မှာ လူကြီးရော၊လူငယ်ရော တော်လှန်ကြရမယ့်တာဝန်ရှိတယ်” ဟု တိုက်တွန်းသည်။

ထိုမှသာ တိုင်းပြည်နှင့်လူမျိုး၏ငြိမ်းချမ်းရေး ရရှိမည်ဖြစ်သောကြောင့် လူမျိုးဘာသာမရွေး၊ စည်းလုံးကြရန်နှင့် အကြံဥာဏ်ကောင်းများ ပေးကြရန်လည်း သူက ဆက်လက်ပြောဆိုသည်။

တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဖောဒိုက “လူဆိုတာ သေမျိုးချည်းပဲ မသေခင်မှာ သူများနိုင်ငံတိုး တက်သလို ကိုယ့်နိုင်ငံမတိုးတက်အောင် ဒုက္ခပေးတာမျိုးကတော့ ဘယ်သူကမှလက်မခံဘူး၊ ဒါကြောင့် တော်လှန်ရေးကာလမှာ အားလုံး၊ လူမျိုးမရွေး ဘာသာမရွေး စည်းလုံးညီညွတ်ကြပါ၊ သစ္စာရှိကြပါလို့ပဲ ပြောချင်တယ်” ဟု ပြောသည်။

ထို့အတူ ကွဲပြားနေသော ကရင့်လက်နက်ကိုင်များ ပြန်လည်ပေါင်းစည်းရေးအတွက် မဟာ လူမျိုး ကြီးဝါဒနှင့် အာဏာရှင်စနစ်အား တိုက်ဖျက်ရမည်ဖြစ်ပြီး သို့မှသာတိုင်းရင်းသားလူမျိုးများ၏ ရည်မှန်းချက်ပန်းတိုင်များလည်း ပြန်လည်ပေါင်းစည်းကာ နောင်လာမည့် ဖက်ဒရယ်ဒီမိုက ရေစီပြည်ထောင်စု ဖော်ဆောင်နိုင်မည်ဟု အခမ်းအနားသို့ တက်ရောက်လာသူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ရဲဘော်တစ်ဦးက ပြောသည်။

၎င်းက “ဒီလိုမှမဟုတ်ဘဲ လူမျိုးတစ်စုနဲ့တစ်စု အဖွဲ့အစည်းတစ်ဖွဲ့နဲ့တစ်ဖွဲ့ ကိုယ့်ပုံစံနဲ့ကိုယ် သွားနေမယ်ဆိုရင် ကျနော်တို့ရဲ့အနာဂတ်ရည်မှန်းချက်ကို ရောက်ရှိဖို့မလွယ်ဘူး၊ တိုင်းရင်းသား တွေဟာ သူတို့ရဲ့ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့အတူ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ပြည်သူကို ကိုယ်စားပြု တဲ့တော်လှန်ရေး အာဏာရှင် စနစ်ကိုတော်လှန်မယ့် စိတ်ဓာတ် ညီညွတ်မှုတွေနဲ့အတူ ရှေ့ဆက်သွားမှသာ ရည်ရွယ်ချက်ကိုရောက်ရှိမှာပါ” ဟု ပြောသည်။

ယနေ့ကျင်းပပြုလုပ်သော ၇၄ ကြိမ်မြောက် ကော်သူးလေတပ်မတော်နေ့သို့ ကေအဲန်ယူ ဒုဥက္ကဋ္ဌ ပဒိုစောဆဲဂေ၊ တွဲဘက်အထွေထွေ အတွင်းရေးမှူး-၂ ပဒိုစောလှထွန်းနှင့် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်များ၊ တပ်မဟာ ၇ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဖောဒို၊ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ ဗဟိုစစ်ရေးချုပ် ဗိုလ်ချုပ်မန်းရှာထုဝေါ်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများ၊ ရဲဘော်များအပါအဝင် ကရင်လူထုများ စုစုပေါင်း ၂၀၀ ရာကျော် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တက်ရောက်လာကြသော ကေအဲန်ယူခေါင်းဆောင်များ၊ ရဲဘော် များနှင့် လူထုများမှ ကရင့်အမျိုးသားအလံတော်အား ဦးစွာအလေးပြု၍ ကေအဲန်ယူ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးမှ ကော်သူးလေတပ်မတော်နေ့ဖြစ်ပေါ်လာပုံအကြောင်းရှင်းပြပြောဆိုခဲ့သည်။ ထို့နောက် တက်ရောက်လာသော ခေါင်းဆောင်အသီးသီးမှ မိန့်ခွန်းနှင့်‌ ကျေးဇူးတင်စကားများ ပြောကြား၍ ကရင်လူငယ်များနှင့်ရဲဘော်များက ကေအဲန်ယူဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း ပေးပို့လာသော သဝဏ်လွှာဖတ်ကြားခြင်းနှင့် တေးသီချင်းများ သီဆိုဂုဏ်ပြုခဲ့ကြသည်။