Home သတင်း စစ်ကောင်စီတပ်၏ စခန်း ၃ ခုနှင့် ဂိတ် (၁) ခု တိုက်ခိုက်ခံရပြီး ဗိုလ်တစ်ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရကြောင်း...

စစ်ကောင်စီတပ်၏ စခန်း ၃ ခုနှင့် ဂိတ် (၁) ခု တိုက်ခိုက်ခံရပြီး ဗိုလ်တစ်ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရကြောင်း SOF ထုတ်ပြန်

862
Photo: SOF

ဇူလိုင်လ ၅ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၆) နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ စခန်း ၃ ခုနှင့် စစ်ဆေးရေးဂိတ် (၁) ခုကို ဇွန်လ ၂၉ ရက်မှစ၍ ဇူလိုင်လ ၅ ရက်နေ့အထိ တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ စစ်ကောင်စီ ဗိုလ်တစ်ဦးသေဆုံးပြီး (၅) ဦးဒဏ်ရာရရှိခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့-SOF က ယနေ့တွင် သတင်း ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F ၊ Cloud Wings ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းကာ စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း(ခလရ-၂၈၃) တပ်ရင်းဌာနချုပ်၊ ခုတ်ခွါး စစ်စခန်း၊ အဘစ်စစ်ကောင်စီဂိတ်နှင့် ခလယ်တံခွန်တိုင်ရဲစခန်းတို့ကို ဒရုန်းအကြိမ်ရည် ၂၀ ခန့်နှင့် ဗုံးသီး ၅၀ ကျော်အထိ တိုက်ခိုက်ခဲ့ကြောင်း SOF ၏ ရဲဘော်တစ်ဦးက ပြောသည်။

၎င်းက “ဇွန် ၂၉ ကနေ ဒီနေ့မနက်အထိ ဒရုန်းနဲ့ကြဲခဲ့တယ်။ စကစရဲ့ ခလရ ၂၈၃ ၊ ခုတ်ခွါးစခန်း၊ အဘစ်စစ်ဆေးရေး ဂိတ်နဲ့ ခလယ်တံခွန်တိုင်ရဲစခန်း၊ ပြီးတော့ လှုပ်ရှားစစ်ကြောင်းလာတဲ့နေရာကိုလည်း တိုက်ခိုက်ခဲ့တယ်။ အမြှောက်တပ် အမတ-၃၁၈ က စစ်ဗိုလ်တစ်ဦး စစ်သား ၅ ဦးပြင်းထန်ဒဏ်ရာရပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းတိုက်ခိုက်ခံမှုနှင့်ပတ်သက်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ စစ်ကောင်စီ၏ ထိခိုက်ကျဆုံးမှုများကို သတင်းထုတ်ပြန်ထားသော်လည်း စစ်ကောင်စီတပ်ဘက်မှ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။

စစ်ကောင်စီတပ်များ၏ ရဲစခန်းနှင့် ဂိတ်နေရာများ တိုက်ခိုက်ခံရပြီးသည့်နောက် နီးစပ်သည့်ကျေးရွာများထဲသို့ စစ် ကောင်စီမှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်သောကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရသည်ဟုလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ဆိုသည်။

“လက်နက်ကြီးကတော့ တောက်လျှောက်ပစ်နေတာပဲ။ ၁၂၀မမ၊ ၈၁မမ ၆၀ မမအကုန်ပစ်တယ်။ ခလယ်တံခွန်တိုင်နဲ့ ပုလိန်ရွာထဲကိုလည်း လက်နက်ကြီးကျတယ်။ ခလယ်တံခွန်တိုင်ဝန်းကျင်က ရွာတွေမှာ အရပ်သားတွေ အကုန်ပြေး ကုန်ကြပြီး”ဟု Cloud Wings ဒရုန်းတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောသည်။

အလားတူ ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့တွင်လည်း KNLA၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့−SOF၊ Cloud Wings ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်း၍ စစ်ကောင်စီတပ်၏ ရဲစခန်း၊ ထွေအုပ်ရုံး၊ လဝကရုံး၊ ဆက်သွယ်ရေးရုံး၊ တရားသူကြီးရုံးစသည့် စစ်ကောင်စီ အုပ်ချုပ်ရေး ယန္တရားဆိုင်ရာရုံးများကို တစ်ပြိုင်နက်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သေးသည်။

လက်ရှိတွင် အဆိုပါ စစ်ကောင်စီတပ်၏ ဂိတ်စခန်းနှင့် နေရာများကိုတိုက်ခိုက်ခဲ့သည့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ -SOF ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် ရေး-သံဖြူဇရပ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင်လည်း လုံခြုံရေးယူ၍ စစ်ဆေးမှုများပြုလုပ်နေလျက်ရှိသည်။