ဇူလိုင်လ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖာပွန်မြို့တွင် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် -BGF တပ်က ယခုဇူလိုင်လလယ်ပိုင်းမှ စ၍ ဒေသခံပြည်သူများ ရိက္ခာသယ်ယူပြီး သွားလာနေသည့် ကုန်းလမ်းနှင့် ရေလမ်းကြောင်း နှစ်ခုစလုံးကို ပိတ်ထားလိုက်ကြောင်း ဖာပွန်မြို့ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါဒေသတွင် ယခင်ကကုန်းလမ်းကြောင်းကို ပိတ်၍ရေလမ်းကြောင်းမှတဆင့် ရိက္ခာသယ်ယူခွင့်ပြုထားရာမှ လက်ရှိမှာ ကုန်းလမ်းကြောင်းအပြင် ရေလမ်းကြောင်းကိုပါ ပိတ်ပင်တားမြစ်လိုက်ခြင်းဖြစ်ပြီး ဒေသခံများ အနေဖြင့် အခြေခံစားသောက်ကုန်ပြတ်လပ်မှုများကို ကြုံတွေ့ရမည်ကို စိုးရိမ်ကြောင်း ဖာပွန်မြို့ခံတစ်ဦးက ယခုလို ပြောသည်။
“လှေဆိပ်ရော ကုန်းလမ်းရော မဖွင့်သေးဘူး ပိတ်ထားတယ်။ ဆန်တွေကတော့ ဒီမှာရှိတဲ့လယ်သမားတွေဆီကပဲ ခွဲစားရတာပေါ့။ လှေလည်းပိတ်တယ်၊ ကားလမ်းလည်းပိတ်တယ်။ လှေမရှိကားမရှိဆိုတော့ ဘယ်ကမှ ဝင်တာ မရှိတော့ဘူးလေ။ ကားလမ်းရော ရေလမ်းရောက သူတို့ဖွင့်မှပဲ သွားလို့ရမှာလေ။ လှေကခါတိုင်းသွား လာလို့ ရသေးတယ်။ အခုကလုံးဝကိုသွားလာလို့မရတော့တာ။ ဘယ်လောက်ထိ ထပ်ပိတ်မလဲမသိဘူးပေါ့။ ဆန်ကတော့ တော်တော်လေးခက်ခဲနေတယ်။ လောလောဆယ်ဆယ်တော့ ရှိတာလေးနဲ့ ကားနဲ့သယ်ထားတဲ့ ပစ္စည်းလေးတွေ ရှိသေးတော့ စားလို့ရနေသေးတာပေါ့”ဟု ပြောသည်။
လတ်တလောတွင် ဒေသခံပြည်သူများအနေဖြင့် ယခင်ကုန်းလမ်းဖြင့်သယ်ယူထားသော ကျန်ရှိနေသေးသည့် အခြေခံစားသောက်ကုန်များနှင့် ကျေးရွာထဲရှိ နီးစပ်ရာတောင်ယာလုပ်ကိုင်သူများထံမှ နေထိုင်စားသောက် နေရ ကာ ဆန်ပြတ်လပ်မှုများနှင့်လည်း ကြုံတွေ့နေရသည်ဟု ဖာပွန်မြို့ခံတစ်ဦးက ဆက်ပြောသည်။
ထို့အပြင် ဖာပွန်မြို့နယ်နှင့် နီးစပ်သည့်ကျေးရွာများတွင် စားနပ်ရိက္ခာသယ်ယူသည့်လမ်းကြောင်းနှစ်ခုလုံးကို ပိတ်ပင်ခံထားရရုံသာမက လျှပ်စစ်မီးပြတ်တောက်မှုနှင့် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများလည်း ပြတ်တောက် နေသည်ဟု ဒေသခံများထံမှ သိရသည်။
လက်ရှိတွင်လည်း ဖာပွန်မြို့တွင် ရိက္ခာလမ်းကြောင်းပိတ်ပင်ခံထားရသောကြောင့် ကုန်စျေးနှုန်းများ မြင့်တက်နေပြီး ရေရှည်တွင်စားဝတ်နေရေး ရပ်တည်ရန်ခက်ခဲလာနိုင်ကြောင်း နောက်ထပ်ဖာပွန်မြို့ဒေသခံ တစ်ဦးက ယခုလိုပြောသည်။
“ကုန်းလမ်းလည်းမရ ရေလမ်းလည်းပိတ်တယ်ဆိုတော့ တော်တော်ခက်ခဲလာမှာပေါ့။ နောက်ဆိုရင် ထမင်းစားရဖို့ကို တော်တော်ရှာယူရမယ်။ အခုတောင် ကမမောင်းထက်စာရင် စျေးနှုန်းက တော်တော် မြင့်နေပြီးလေ။ မိုးလည်းသိပ်မရတော့ လယ်သမားတွေစပါးစိုက်ဖို့က ရေမရှိဘူး။ ၂၄ ပြည်အိတ်ကို တစ်သိန်းလေးသောင်းဖြစ်နေပြီး။ အရင်က ၈ သောင်းပဲရှိတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ထိုသို့ဖာပွန်ဒေသရှိ ပြည်သူများကို ရိက္ခာသယ်ယူခွင့်လမ်းကြောင်းများ ပိတ်ပင်ထားမှုကြောင့် ကျေးရွာ အတွင်းရှိဒေသခံပြည်သူများအနေဖြင့် စားနပ်ရိက္ခာပြတ်လပ်မှု၊ အသွားအလာပြုလုပ်၍မရခြင်းကြောင့် ကုန်စည်စီးဆင်းမှုများရပ်တန့်သွားမည်ကို စိုးရိမ်နေကြောင်းလည်း ဖာပွန်ဒေသခံများက ပြောသည်။
၎င်းစားနပ်ရိက္ခာသယ်ယူခွင့်ပိတ်ပင်ထားသည့် ဖာပွန်မြို့အနီးတွင် ကရင်အမျိုးသားအစည်းအရုံး- KNU မူတြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ(၅) နယ်မြေဖြစ်ပြီး BGF၊ စစ်ကောင်စီတပ်များနှင့် နယ်မြေခံကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်−KNLA ပူပေါင်းတပ်များအကြား မကြာခဏတိုက်ပွဲဖြစ်ပွားနေလျက်ရှိသည်။ စစ်ကောင်စီတပ်ဘက်မှလည်း ဖာပွန်−ကမမောင်းလမ်းပိုင်းတစ်လျှောက်တွင် မြေမြှုပ်မိုင်းများ ထောင်ထား လျက်ရှိကြောင်း ကေအဲန်ယူဘက်က ပြောဆိုထားသည်။
အဆိုပါနယ်မြေအတွင်းရှိ ကျေးရွာများတွင်လည်း စစ်ကောင်စီတပ်၏လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းဖြင့် စာသင်ကျောင်း၊ အရပ်သားနေအိမ်အဆောက်အဦးများနှင့် ဘုရားကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက် နေ လျက်ရှိသောကြောင့် ဒေသခံပြည်သူများအနေဖြင့်လည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရဆဲဖြစ်သည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။



















