ဇူလိုင်လ ၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
လျှပ်စစ်မီးအချိန်အတန်ကြာ ပြတ်တောက်နေသည့် ကော့ကရိတ်မြို့တွင် မကြာခင်ရက်ပိုင်းအတွင်း မီးပြန်လည်ရရှိမည်ဟုပြောဆိုသော်လည်း ယခုအချိန်ထိ မီးပြန်လည်ရရှိခြင်းမရှိသေးကြောင်း မြို့ခံများ ထံမှ သိရသည်။
လျှပ်စစ်မီးတာဝါတိုင်များ ပျက်စီးသွား၍ ကော့ကရိတ်၊ မြဝတီ၊ ကျုံဒိုးမြို့နယ်များတွင် လအတန်ကြာ မီးပြတ်တောက်ခဲ့ရာမှ ပြီးခဲ့သည့်ဇွန်လလယ်ပိုင်းတွင် မြဝတီမြို့တွင် လျှပ်စစ်မီး များပြန် လည်ရရှိသည့်အတွက် ကော့ကရိတ်မြို့တွင်လည်း မကြာခင် မီးပြန်လည်ရရှိမည်ဟု မြို့ခံများ အကြားပြောဆိုကြခြင်းဖြစ်သည်။
ကော့ကရိတ်မြို့ခံတစ်ဦးက”မီးပြန်ရမယ်ဆိုတာတော့ပြောကြတာ ကြာနေပြီး၊ လာမယ်နဲ့လာ လို့ရတော့ပါ့မလားတော့မသိဘူး။ ကမိုင်ကုန်းရွာနားမှာ တစ်တိုင်လှဲကျတယ်ပြောတယ်။ မီးပြန်လာမယ် ပြောကြတာတော့ကြာနေပြီး ခုထိမလာသေးဘူး”ဟု ကေအိုင်စီသို့ပြောသည်။
လျှပ်စစ်မီး လတန်ကြာပြတ်တောက်ခဲ့ရသည့်အတွက် လျှပ်စစ်မီးကို မှီခိုပြီးလည်ပတ်နေရသည့် လုပ်ငန်းအချို့ရပ်နားထားရသည့်အခြေအနေအထိရှိလာကြောင်း မြို့ခံများက ပြောသည်။
“မီးမရတော့အလုပ်က ဘာမှလုပ်လို့မရဘူး။ လုပ်သမျှအလုပ်ကမီးရမှ အဆင်ပြေတာကိုး။ မီးမလာတော့ မီးနဲ့ လုပ်ရတဲ့အလုပ်တွေဆိုင်ကယ်ရေဆေးခုံတွေ၊ ဘာတွေအကုန်ပိတ်လိုက်ရတယ်။ ဆီဈေးလည်း တအားတက်တော့ ဆီနဲ့မကိုက်ဘူး။ အဆင်မပြေတော့ဆိုင်တွေတော်တော်များများ ပိတ်လိုက်ရတယ်။ ” ဟု ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက် ရေးတပ် မတော် (KNLA) ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲကြောင့် လျှပ်စစ်ဓာတ်အားပေး တာဝါတိုင် ပျက်စီးသွား၍ မီးစတင်ပြတ်တောက်ခဲ့ခြင်းဖြစ်သည်။



















