Home သတင်း အထက်တန်းအောင်မြင်သူများအား ကျောင်းဆရာအဖြစ် စစ်ကောင်စီခန့်အပ်

အထက်တန်းအောင်မြင်သူများအား ကျောင်းဆရာအဖြစ် စစ်ကောင်စီခန့်အပ်

899

ဇူလိုင်လ ၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်း စစ်ကောင်စီဖွင့်လှစ်သော ကျောင်းများတွင် ဆရာ/ဆရာမ လုံလောက်မှု မရှိခြင်းကြောင့် အထက်တန်းအောင်မြင်သော ဒေသခံများကို ကျောင်းဆရာ/ဆရာမအဖြစ် ပြန်လည်ခန့်အပ်လျက်ရှိသည်ဟု ဒေသခံကျောင်းသားမိဘများထံမှ သိရသည်။

စစ်ကောင်စီဖွင့်လှစ်သော ကျောင်းများတွင်ဆရာ/ဆရာမမရှိ ပြီးခဲ့သည့် ဇွန်လတွင် ဒေသခံ ကျောင်းသား မိဘများအား ခေါ်ယူအစည်းအဝေးပြုလုပ်ပြီး ကျေးရွာအတွင်း အထက်တန်းအောင်မြင်သော ဒေသခံများကို ကျောင်းဆရာ/ဆရာမအဖြစ် ပြန်လည်ခန့်အပ်ရန်အတွက် အသိပေးပြောဆိုခဲ့သည်ဟု ဒေသခံများက ပြောသည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက”ကျောင်းသား မိဘတွေကပဲလူရှာရမယ်။ ကိုယ့်ဒေသမှာရှိတဲ့ အထက် တန်းအောင်မြင်သူတွေက စာပြန်သင်ခိုင်းရမယ်လို့ ပညာရေးမှူး၊ ထွေအုပ်တို့က ပြောတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီ ဖွင့်လှစ်သောကျောင်းများတွင် ဆရာ/ဆရာမများမရှိသောကြောင့် စာသင်ကျောင်းတစ်ကျောင်း၏ သတ်မှတ်ထားသော ဆရာ/ဆရာမ ဦးရေ ပြည့်မီအောင် ဆောင်ရွက်နေခြင်းဖြစ်သည်ဟု CDM(အာဏာဖီဆန်ရေးလှုပ်ရှားမှု) ကျောင်းဆရာတစ်ဦးက ပြောသည်။

“ ကိုယ့်သားသမီးတွေကို ကျောင်းမထားရင်လည်း CDM လုပ်တယ်ဆိုပြီး ဖမ်းခံရနိုင်တယ်။ အခုကျောင်းထားပြန် တော့လည်း ကျောင်းသားမိဘတွေဆီက ငွေကြေးကောက်မယ်။ ကျောင်းသားမိဘကပဲ ဆရာ/ ဆရာမ ရှာရမယ်”ဟု လှိုင်းဘွဲမြို့ခံ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

ကရင်ပြည်နယ်တွင် စစ်ကောင်စီဖွင့်လှစ်ထားသောကျောင်းများမှာ ကျောင်းဆရာ/ဆရာမများ သတ်မှတ်ထား သော ဦးရေပြည့်မီအောင် မြို့နယ်တိုင်းကို အလားတူ လုပ်ဆောင်သွားမည်ဟု စစ်ကောင်စီနှင့်နီးစပ်သူများထံမှ သိ ရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် လှိုင်းဘွဲမြို့နယ်တွင် စစ်ကောင်စီပြန်လည်ဖွင့်လှစ်သည့် စာသင်ကျောင်းပေါင်း ၃၃၉ ကျောင်းတွင် ကျောင်းဆရာ/ဆရာမနှင့် ကျောင်းသူကျောင်းသားဦးရေ သုံးပုံတစ်ပုံခန့် လျော့နည်းလာသလို ကျောင်းပြဋ္ဌာန်းစာများကိုလည်း ပြီးမြောက်အောင် သင်ခြင်းမပြုရဘဲ စာမေးပွဲဖြေဆိုခြင်းများ ပြုလုပ်နေရကြောင်း ‌CDM ကျောင်းဆရာများနှင့် ကျောင်းသားမိဘများက ပြောသည်။