Home သတင်း ၈ကြိမ်မြောက် KWO ကွန်ဂရက်မှ ဗဟိုအဆင့်ခေါင်းဆောင်သစ်များ ရွေးကောက်တင်မြှောက်ခဲ့

၈ကြိမ်မြောက် KWO ကွန်ဂရက်မှ ဗဟိုအဆင့်ခေါင်းဆောင်သစ်များ ရွေးကောက်တင်မြှောက်ခဲ့

1166

ဇူလိုင် ၄ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသမီးအစည်းအရုံး(KWO)၏ ၈ကြိမ်မြောက် ကွန်ဂရက်ကို ၎င်းတို့၏ အထူးဒေသတစ်နေရာတွင် ဇွန်လ ၂၉ ရက်မှ ဇူလိုင်လ ၁ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး ညီလာခံ တက်ရောက်လာကြသည့် ဒေသအသီးသီးမှ ကရင်အမျိုး သမီးကိုယ်စားလှယ်များက ဗဟိုခေါင်းဆောင်အသစ်များကို လျှို့ဝှက်မဲဖြင့် ရွေးကောက်တင်မြှောက်ခဲ့ကြသည်။

ယင်းသို့ ရွေးကောက်ရာတွင် ဥက္ကဌအဖြစ် နော်ကညောဖော၊ ဒုတိယဥက္ကဌအဖြစ် နော်စေးစေးဟဲ၊ အထွေထွေ အတွင်း ရေးမှူးအဖြစ် နော်တာမလာစော၊ တွဲဖက်အတွင်းရေးမှူး(၁)အဖြစ် နော်ဒါးမုနှင့် တွဲဖက်အတွင်းရေးမှူး(၂)အဖြစ် နော်အဲ့တမွီဖောတို့အား တင်မြှောက်ခဲ့ကြခြင်းဖြစ်သည်။

“အစည်းအရုံးတစ်ခုလုံး ဦးဆောင်ဖို့ဆိုတာ လေးလံတဲ့တာဝန်ဖြစ်တဲ့အပြင် ပေါ်လစီအရ ဗဟို၊ ခရိုင် တိုးတက်ဖို့ အထူး သဖြင့် ပေါ်မုကရဲ(KWO) ရည်ရွယ်ချက်အတိုင်း အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်ရုန်းကန်လှုပ်ရှားကြရမယ်။ ပြန် ကြည့်မယ်ဆိုရင် KWO လုပ်ဆောင်နေတာတွေက အများကြီးရှိပေမယ့် နိုင်ငံရေးအပိုင်းမှာ အားနည်းမှုတွေရှိနေဆဲဖြစ် တယ်။ ကျမအမြင်ကတော့ ၄နှစ်တာအတွင်းမှာ ကျမတို့ဟာ ကရင်အမျိုးသမီးတွေ နိုင်ငံရေးမှာ ပိုပြီးပါဝင်လာနိုင်ဖို့၊ ပြီးတော့ နိုင်ငံရေးဆိုင်ရာ အဆင့်တိုင်းမှာရှိတဲ့ အမျိုးသမီးတွေ ဝန်းရံပေးဖို့နဲ့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မှာ ကရင်အမျိုးသမီးတွေ ၃၀% ပါဝင်နိုင်ဖို့နဲ့ ဦးဆောင်နိုင်ဖို့ကို ကျမ အလေးထား လုပ်ဆောင်ချင်ပါတယ်။”ဟု KWO ဥက္ကဌအဖြစ် ရွေးကောက်ခံရသူ နော်ကညောဖောက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် KWO သည် Karen Grassroot Women ချိတ်ဆက်မှုများ လုပ်ဆောင်ခဲ့ပြီး ကရင်အမျိုးသမီးအစည်းအရုံးဝင် များသာမဟုတ်ဘဲ ကရင်အမျိုးသမီးတိုင်းက ကေအဲန်ယူ၌ဖြစ်စေ၊ ကရင်လူငယ်အစည်းအရုံး၌ဖြစ်စေ၊ ကရင်ကျောင်း သားကွန်ရက်၌ဖြစ်စေ အမျိုးသမီးများ ပါဝင်ရန်နှင့် အပြန်အလှန် ပူးပေါင်းလုပ်ဆောင်လိုကြောင်း ကော်သူးလေနယ် မြေအပြင် ပြည်တွင်းပြည်ပရှိ အမျိုးသမီးများက လူ့အခွင့်အရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ မီဒီယာ၊ သဘာ၀ ပတ်ဝန်းကျင် စသည့်ကဏ္ဍများတွင် ပိုမိုပါဝင်လာပြီး အတူတကွ ဆက်သွယ်လုပ်ဆောင်သွားကြမည်ဖြစ်ကြောင်းလည်း နော်ကညောဖောက ထပ်မံ ပြောဆိုသည်။

ရွေးကောက်ခံရသူ ဗဟိုခေါင်းဆောင် ၅ဦးက အစည်းအရုံး၏ ဌာနဆိုင်ရာတာဝန်ခံများကို ဆက်လက် ရွေးချယ်ခဲ့ကြရာ နော်ဖောဂေထူး (ပညာရေးဌာန တာဝန်ခံ)၊ နော်ဖောသေးသေး (ကျန်းမာရေးဌာန တာဝန်ခံ)၊ နော်တနူဖော (စည်းရုံး ရေးနှင့် ပညာပေးဌာန တာဝန်ခံ)၊ နော်ပြုံးပြုံး (လူမှုရေးဌာန တာဝန်ခံ)၊ နော်ဘရူ့စ်လာဝါး (ဘဏ္ဍာရေးတာဝန်ခံ)နှင့် ၎င်းတို့၏ ဌာနအတွင်းရေးမှူးများကို ရွေးချယ်ခန့်အပ်ခဲ့ကြသည်။

KWO ဖွဲ့စည်းပုံ၏ လုပ်ထုံးလုပ်နည်းအရ ပြီးခဲ့သည့် ကွန်ဂရက်မှ ရွေးကောက်တင်မြှောက်ခဲ့သည့် KWO ၏ ဗဟိုအမြဲ တမ်းကော်မတီဝင်များ အစည်းအဝေးကို ကျင်းပခဲ့ကြသည်။ ၎င်းနောက် ၈ကြိမ်မြောက် ကွန်ဂရက်ကို တစ်ဆက်တည်း ကျင်းပခဲ့ကြရာ ရွေးကောက်ပွဲအစပိုင်းတွင် တက်ရောက်လာကြသည့် ကရင်အမျိုးသမီးအစည်းအရုံးဝင် ကိုယ်စားလှယ် များထဲမှ ဗဟိုအမြဲတမ်းကော်မတီဝင် (၄၅)ဦးကို ဦးစွာ ရွေးကောက်ခဲ့ကြပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီကို ဆက် လက် ရွေးကောက်တင်မြှောက်ခဲ့ကြခြင်းဖြစ်သည်။

ကော်သူးလေနယ်မြေရှိ ခရိုင် (၇)ခုနှင့် အထူးဒေသ (၂)ခုမှ KWO ကိုယ်စားလှယ် ၁၀၂ဦးတက်ရောက်ခဲ့ကြသည့် အဆိုပါ ကွန်ဂရက်တွင် အတွင်းရေးမှူး၏ ၆နှစ်တာ လုပ်ငန်းအစီရင်ခံစာ၊ KWO ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ မူဝါဒများ၊ လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေ သုံးသပ်ချက်၊ လာမည့်လေးနှစ်တာ မဟာဗျူဟာနှင့် နှစ် ၄၀ပြည့် KWO နှစ်ပတ် လည်နေ့ အပါအဝင် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးအတည်ပြု ချမှတ်ခဲ့ကြသည်။

အဆိုပါကွန်ဂရက်၌ KWO ၏ အကြံပေးများအဖြစ် ခေါင်းဆောင်ဟောင်းများဖြစ်ခဲ့သူ ပဒိုနော်လားဖိုး၊ ပဒိုနော်မြိုင်ဖိုး၊ ပဒိုနော်ဖောဒေးတိုး၊ ပဒိုနော်စီဖိုးရာစိန်၊ ပဒိုနော်ဒါးဒါး၊ ပဒိုနော်ဘလူးမင်းနိုက်ဇန်၊ နော်ဟီးလာကျော်တို့အပြင် ဒေါက် တာစင်သီယာမောင်၊ နော်ဒေါ့ဂပ်စ်မူး၊ နမ့်ဇိုယာဖန်းတို့ကိုလည်း ထည့်သွင်းအတည်ပြုခဲ့ကြသည်။

၈ကြိမ်မြောက် KWO ကွန်ဂရက်သို့ တက်ရောက်ခဲ့သူ ကေအဲန်ယူ ဗဟိုတရားသူကြီးချုပ် ပဒိုနော်မြိုင်ဖိုးက “အစတုန်း က ရွေးကောက်ခဲ့တာ ခေါင်းဆောင်တွေရဲ့ ဇနီးတွေချည်းပဲ။ အခုတော့ ပြောင်းလဲမှုတွေရှိလာတယ်။ အခုက လူငယ် တွေ တာဝန်ယူလာကြတယ်။ ရည်ရွယ်ထားတဲ့အတိုင်း (KWO)အလံပေါ်က ကြယ်တစ်လုံးရဲ့ အရိပ်မည်းဟာ တစ်နေ့ မှာ ပျောက်ကွယ်သွားဖို့အရေး အခုဆို ပျက်ပြယ်လာနေပြီ။ အလင်းရောင်လည်း ပေါ်လာပြီ။ နိုင်ငံတကာကလည်း KWO ကို သိလာနေပြီဆိုတော့ ကျမအတွက် ကျေနပ်အားရမှုဖြစ်စေတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကရင်အမျိုးသမီးအစည်းအရုံး၏ ညီလာခံကို လေးနှစ်တစ်ကြိမ် ကျင်းပလေ့ရှိသော်လည်း ကိုဗစ်ကပ်ရောဂါနှင့် မြန်မာပြည်၏ နိုင်ငံရေး၊ စစ်ရေး အခြေအနေများကြောင့် ၆နှစ်ကျော်လာသည့် ယခုနှစ်မှသာ ကျင်းပနိုင်ခဲ့ကြခြင်းဖြစ်သည်။

ယခု ကျင်းပခဲ့သည့် ကရင်အမျိုးသမီးအစည်းအရုံး၏ ၈ကြိမ်မြောက်ကွန်ဂရက်သို့ ကရင်အမျိုးသားအစည်းအရုံး(ဗဟို)မှ အမျိုးသမီးခေါင်းဆောင်များနှင့် ကရင်လူငယ်အစည်းအရုံးခေါင်းဆောင်တချို့ တက်ရောက်အားပေးခဲ့ကြသည်။ ပြီးခဲ့ သည့် ၇ကြိမ်မြောက် KWO ကွန်ဂရက်ကို ၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလက ကျင်းပပြုလုပ်ခဲ့ပြီး ယခု ၈ကြိမ်မြောက် ကွန်ဂ ရက်မတိုင်ခင် ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေးကိုလည်း သုံးရက်တာ ပြုလုပ်ခဲ့ကြသည်။

ကရင်အမျိုးသမီးအစည်းအရုံး(Karen Women’s Organization-KWO) ကို ၁၉၈၅ခုနှစ်က ကေအဲန်ယူ-ကရင်အမျိုး သားအစည်းအရုံး၏ ခေါင်းဆောင်များက ဖွဲ့စည်းစေခဲ့ပြီး ကရင့်တော်လှန်ရေးအတွက် အမျိုးသမီးများ၏ ပါဝင်မှု၊ ဦးဆောင်မှုနှင့် အကြံပြုမှုများဖြင့် ဝန်းရံစေလိုသည့် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းလာခဲ့ရာ ယခုအချိန်တွင် ခရိုင် ၇ခုနှင့် ဒုက္ခသည်စခန်း ၇ခုမှ အဖွဲ့ဝင်အမျိုးသမီး စုစုပေါင်း ၇၇,၀၀၀ကျော်ရှိပြီးဖြစ်ကြောင်း KWO မှတ်တမ်းအရ သိရသည်။

KWO သည် ၂၀၁၈ခုနှစ်တွင် အမေရိကန်သံရုံးက ပေးအပ်ချီးမြှင့်ခဲ့သည့် Women’s of Change Award ဆုကို ရရှိခဲ့သ လို ၂၀၁၉ခုနှစ်တွင် အမေရိကန် နိုင်ငံခြားရေးဌာနက KWO အထွေထွေ အတွင်းရေးမှူး(ယခု ဥက္ကဌ) နော်ကညောဖော ကို International Women’s of Courage Award ကို ပေးအပ်ချီးမြှင့်ခဲ့သည်။