ဇူလိုင်လ(၁၀)ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ သံတောင်မြို့(၁၃)မိုင်တွင် ပြီးခဲ့သည့် ဇူလိုင်လ(၇)ရက်နှင့်(၈)ရက်နေ့ အတွင်း ဒေသခံ အမျိုးသားလူငယ်(၂)ဦး စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ပြီး နေအိမ်(၄)လုံးကိုလည်း ထပ်မံမီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောသည်။
သံတောင်မြို့တွင် ဇူလိုင်လ(၇)ရက်နေ့က နယ်မြေခံတော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတို့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက မြို့တွင်းရှိ ဒေးမူလောရပ်ကွက်နေ အသက်(၃၀) နှစ်အရွယ်အမျိုးသားတစ်ဦးအား တော်လှန်ရေးတပ်ဖွဲ့များနှင့်ပတ်သက်မှုရှိသည်ဟု စွပ်စွဲ၍ နေအိမ်အတွင်းဝင်ရောက် သတ်ဖြတ်ခဲ့သလို ဇူလိုင်လ(၈)ရက်နေ့ကလည်း ပျားစခန်းရွာမှ သံတောင်မြို့သို့ပြန်လာသော အသက်(၂၅)နှစ်အရွယ် အမျိုးသားတစ်ဦးအား ထပ်မံပစ်သတ်ခဲ့ ကြောင်းဒေသခံများက ပြောသည်။
“နှစ်ယောက်လုံးက သံတောင်မြို့သား သာမန်ပြည်သူတွေပါ။ ဘယ်အဖွဲ့ကမှမဟုတ်ပါဘူး ပထမတစ်ယောက်ကိုတော့ ရွာဘက်ပြန်သယ်ပြီး သင်္ဂြိုဟ်တယ်၊ နောက်တစ်ယောက်က သူသေတဲ့နေရာမှာ စစ်တပ်က PDF ဆိုပြီးပုံမှားရိုက်လို့ရအောင် သေနတ်တစ်လက် ထားခဲ့တော့ အလောင်းတောင်သွားမကောက်ရဲဘူး။ ပြည်သူတွေပဲလေဆိုပြီး အေးအေးဆေးဆေး ဆိုင်ကယ်နဲ့အိမ်ပြန်လာတာကို လမ်းမှာပစ်သတ်ခံရတာ။” ဟု ၎င်းတို့နှင့်နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့အပြင် ပစ်ခတ်မှုဖြစ်ပွားသည့် ဇူလိုင်လ(၇)ရက်နေ့က ဘုရားကျောင်းအနီးရှိ ဒေသခံများပိုင် ဆိုင်သော နေအိမ်(၄)လုံးအားလည်း ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူမှ တာဝန်ရှိသူအချို့၏ နေအိမ်ဟုဆိုကာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးလိုက်ကြောင်း မျက်မြင်တွေ့ရှိသူ အမည်မဖော်လိုသောဒေသခံတစ်ဦးက ပြောသည်။

၎င်းက “အုတ်နံရံမှာ ဖားစည်ပုံအမှတ်တံဆိပ် ပန်းချီပုံဖော်ထားတာတွေ့လို့ KNU လူကြီးအိမ်ဆိုပြီး စစ်တပ်က မီးရှို့လိုက်တာ ဘုရားကျောင်းနားက တိုက်အိမ်တွေပေါ့။ ဘယ်အဖွဲ့အစည်း အိမ်မှမဟုတ်ဘူး၊ ဒေသခံအိမ်တွေချည်းပဲ။” ဟု ကေအိုင်စီသို့ ပြောသည်။
သံတောင်မြို့တွင် ယခုနှစ်အစောပိုင်းက နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ဒေသံအများစုနေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရာမှစပြီး မြို့တွင်းကျန်ရှိသောနေထိုင်သူများနှင့် ဖြတ်သန်းသွားလာသူမျာအပေါ် စစ်ကောင်စီက မကြာခဏဖမ်းဆီးစစ်ဆေးခြင်း၊ ထိန်းသိမ်းခြင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များနှင့်နီးစပ်သည်ဟု စွပ်စွဲ၍ပစ်သတ်ခံခဲ့ရခြင်းရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် ဖေဖော်ဝါရီလ(၄)ရက်နေ့မှ လက်ရှိအချိန်ထိ ကေအဲန်ယူအဖွဲ့ဝင်နေအိမ်များ၊ ဘာသာရေး ခေါင်းဆောင်များ၏နေအိမ်များအပါအဝင် ဒေသခံနေအိမ်များအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF များခိုအောင်းနေသည်ဟု စွပ်စွဲ၍သော်လည်းကောင်း၊ KNU ခေါင်းဆောင်ပိုင်းအချို့၏နေအိမ်ဟု ပြောဆို၍သော်လည်းကောင်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သော နေအိမ် ၂၄ လုံးထက်မနည်း ရှိပြီဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။



















