Home သတင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုများ ဆက်ရှိနေဆဲဖြစ်သဖြင့် ညောင်လေးပင် ဒေသခံများ နေရပ်မပြန်ရဲသေး

စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုများ ဆက်ရှိနေဆဲဖြစ်သဖြင့် ညောင်လေးပင် ဒေသခံများ နေရပ်မပြန်ရဲသေး

820
Photo: Crd.

ဇူလိုင်လ ၁၀ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်အတွင်းရှိ ကျေးရွာများတွင် ပြီးခဲ့သည့် ဇူလိုင်လဆန်းမှစ၍ လက်ရှိအချိန်အထိ စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ် မှုများ ဆက်လက်ရှိနေဆဲဖြစ်သဖြင့် ဒေသခံများ‌ နေရပ်ပြန်မနေထိုင်ရဲကြကြောင်း နယ်မြေသတင်းအရင်း အမြစ်များမှ သိရသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ ဇွန်လ(၁)ရက်မှ(၅)ရက်နေ့အတွင်း တိုက်ပွဲပေါင်း (၉)ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီးနောက် ညောင်လေးပင်ခရိုင် အတွင်းရှိ ရေတွင်းကုန်း၊ ညောင်ကုန်း၊ သပြေကုန်း၊ ရန်မျိုးအောင်၊ ဥသျှစ်ကုန်း အစရှိသည့်ကျေးရွာများသို့ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ရာ ဒေသခံ(၂)ဦးသေဆုံးပြီး (၆)ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကေအဲန်ယူဗဟိုကလည်း ဇူလိုင်လ(၇)ရက်နေ့က ထုတ်ပြန်ထားသည်။

ထိုသို့ပစ်ခတ်မှုများကြောင့် ကျေးရွာနေဒေသခံ ၄ ထောင်ကျော်ထက်မနည်းသည် ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ယနေ့အထိလည်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုများ ဆက်လက်ရှိနေ ဆဲဖြစ်သဖြင့် နေရပ်ပြန်မနေရဲကြကြောင်း ဒေသခံအမျိုးသားတစ်ဦးက ယခုလို ပြောသည်။

“ရန်မျိုးအောင်ကလူတွေဆို သူတို့ရွာကနေ ရေတွင်းကုန်းတို့ ဥသျှစ်ကုန်းတို့မှာ ခိုကပ်ပြီးနေကြတာ အခုအဲ့ရွာတွေပါ လက်နက်ကြီးရောက်တော့ ထပ်ပြေးရပြန်ရော စစ်တပ်ကပစ်တာက တစ်နေရာ တည်းကမဟုတ်ဘူး၊ ရွာနှစ်ရွာကနေအထိုင်ချပြီး ပစ်နေတာ ရွာသားတွေဆိုရင်လည်း သူတို့စစ်ကြောင်း ထိုးလာြပီဆိုတာနဲ့ ညောင် ပင်သာမှာလိုထပ်ဖြစ်မှာစိုးလို့ ကြိုရှောင်ကြရတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ တိမ်းရှောင်နေကြသော စစ်ဘေးရှောင်များကို စာရင်းအတိအကျ ကောက်ခံ၍ မရရှိသေးဘဲ လတ် တလောတွင် ကလေးသူငယ်၊ သက်ကြီးရွယ်အိုနှင့် အမျိုးသား၊ အမျိုးသမီးများအပါအဝင် လူဦးရေ နှစ်ထောင် ကျော်ကိုသာ ထောက်ပံ့မှုပေးနိုင်သေးသည့်အနေအထားဖြစ်သည်ဟု ညောင်လေးပင်ခရိုင်အတွင်း စစ်ဘေး ရှောင်များအား ကူညီထောက်ပံ့မှုများ ပေးနေသည့် ကရင်အရပ်ဘက်အဖွဲ့အစည်းမှ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

Photo: Crd.

၎င်းက “ကျနော်တို့ စာရင်းကောက်ခံရရှိထားတာတော့ လူဦးရေ ၂ ထောင်ကျော်ပေါ့ အဲဒီလူတွေ အတွက်လည်း ထောက်ပံ့ပေးနေတယ်ဆိုပေမယ့် လိုအပ်ချက်ကတော့ရှိနေသေးတယ်။ မိုးတွင်းကာလ လည်းဖြစ်တယ်။ ခြင်ကိုက်တာလည်းများပြီး တုပ်ကွေးဖျားနာတာတွေဖြစ်လာတော့ ဆေးဝါးတွေလည်း လိုတယ်။ ဆန်နဲ့ခြင်ထောင်တွေ စောင်တွေလည်းလိုတယ်။” ဟု ကေအိုင်စီသို့ပြောသည်။

ဇူလိုင်လ(၇)ရက်နေ့က ကေအဲန်ယူ၏ထုတ်ပြန်ချက်တွင် စစ်ကောင်စီ၏ လက်နက် ကြီးအလုံး တစ်ရာကျော်ပစ်ခတ်ခဲ့မှုကြောင့် ဒေသခံနေအိမ် (၁၃)လုံးထိခိုက် ပျက်စီးခဲ့ရသည့်အပြင် စစ်ကောင်စီတပ်များက အုန်းပင်စုကျေးရွာအတွင်း ဝင်ရောက်၍ ဘုန်းကြီးကျောင်းတွင် စစ်ဘေးတိမ်းရှောင်နေသော ဒေသခံများထံမှ ဖုန်း ၇ လုံးနှင့်ကျပ်ငွေ ၂၅ သိန်းကျော်ကိုလည်း အတင်းအကြပ်ယူဆောင်သွားခဲ့ကြောင်း ဆိုထားသည်။

ထို့အတူ ငါးရက်အတွင်း စစ်ကောင်စီနှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့ဖြစ်ပွားသည့် တိုက်ပွဲ(၉)ကြိမ်အနက် စစ်ကောင်စီဘက်မှ ၃၂ ဦးသေဆုံးပြီး ၂၂ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို ပူးပေါင်းတပ်ဘက်မှ တစ်ဦးသေဆုံး၍ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။