Home သတင်း စစ်ကောင်စီတပ် လက်နက်ခဲယမ်းများ ပြင်ပကို ထုတ်ရောင်းမှုစျေးကွက်သဖွယ်ခေတ်စားနေ

စစ်ကောင်စီတပ် လက်နက်ခဲယမ်းများ ပြင်ပကို ထုတ်ရောင်းမှုစျေးကွက်သဖွယ်ခေတ်စားနေ

1092
Photo: Crd.

ဇူလိုင်လ ၁၀ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

အာဏာသိမ်း စစ်ကောင်စီတပ်သည် တော်လှန်ရေးတပ်ဖွဲ့များထံ လက်နက်ခဲယမ်း ရောင်းချမှုများ စျေးကွက် သဖွယ်ဖြစ်လာနေသည်ဟု အမည်မဖော်လိုသူ ကရင်ပြည်နယ်အတွင်း အခြေစိုက်တပ်ရင်းများမှစစ်တပ်သတင်းအရင်းအမြစ်များပြောစကားအရ သိရသည်။

“ဒီလိုဖြစ်နေကြတာကြာပါပြီ။ အထိုင်တပ်တွေဆိုတော့ တပ်ရင်းတွေထဲမှာ အပြင်ကအပစ်ရပ်လက်နက်ကိုင်တွေ ၊ BGF အဖွဲ့တွေ၊ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့နဲ့ နီးစပ်တဲ့သူတွေက စစ်တပ်တွင်းက လက်နက်ခဲယမ်း တွေ အပြင်ကို ခိုးထုတ်ရောင်းတဲ့ ဖြစ်စဥ်တွေရှိတယ်။ တိုက်ပွဲဖြစ်စဥ်တွေမှာ အသုံးပြုခဲယမ်းစာရင်းတွေ အထက်ကို ပိုပြီးတင်ပြပြီးတော့အပြင်ကို စျေးပေါပေါနဲ့ ထုတ်ရောင်းနေတာကို ပွဲစားပြန်ဝယ်ကြပြီး တော်လှန်ရေးအဖွဲ့တွေ ဆီ ကို ပြန်ရောင်းစားတဲ့စျေးကွက်က ကရင်ဒေသထဲမှာ အလုပ်ဖြစ်နေတယ်။” ဟု စစ်တပ်သတင်းအရင်း အမြစ်က ပြောသည်။

ထိုကဲ့သို့ လက်နက်ခဲယမ်းများ ပြင်ပကို ထုတ်ရောင်းနေမှုနှင့်ပတ်သက်၍ အထက်အရာရှိများက သိရှိနေ သော်လည်း တပ်ဖွဲ့ဝင်များ CDM (အာဏာဖီဆန်ရေးလှုပ်ရှားမှု) လုပ်ပြီး ထွက်ပြေးသွားမည်ကို စိုးရိမ်၍ အရေးယူခြင်းမရှိခဲ့ကြောင်းလည်း ထိုသတင်းအရင်းအမြစ်က ပြောသည်။

ကရင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် စစ်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA ပူး ပေါင်းတပ်ဖွဲ့ တိုက်ပွဲအတွင်း လက်နက်ခဲယမ်းရရှိရေးအတွက် ကူညီထောက်ပံ့ကြသည့် အလှူရှင်များ စုပေါင်း လှူဒါန်းသည့် ငွေကြေးများဖြင့် ဖြည့်တင်းဝယ်ယူကာ တိုက်ခိုက်နေကြရသည့်အခြေအနေမှ လက်ရှိတွင် ကိုယ်ပိုင် ထုတ်လုပ် အသုံးပြုနိုင်သည့် အခြေအနေကို ရောက်ရှိလာနေပြီဖြစ်ကြောင်းKNLA ပူးပေါင်းစစ်ကြောင်းများထံမှ သိရှိရသည်။

“အခုက စစ်တပ်ကျည်တို့၊ လက်နက်ကြီးကျည်တို့က စျေးသက်သာတယ်၊ တခြားစျေးကွက်က ဝယ်ရတာ ထက် စာရင်ပေါ့။ အခုကတော့ တချို့နေရာတွေမှာ ကိုယ်ပိုင်ထုတ်လုပ်ရေးတွေက နေထုတ်တဲ့လက်နက်ခဲယမ်း တွေအသုံးပြုတိုက်ပွဲဝင်နိုင်ပြီ။ စစ်တပ်က သူတို့ပစ္စည်းတွေ ချိတ်ဆက်ပြီး ခိုးရောင်း၊ ခိုးဝယ်လုပ်ကြတာတွေ က တော့ ရှိနေတုန်းပဲ”ဟု KNLA ပူးပေါင်းစစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ဖားအံမြို့၊ လှိုင်းဘွဲမြို့နယ်များမှအပ ကျန်မြို့နယ် ၅ ခုတွင် KNLA ပူးပေါင်းစစ်ကြောင်းများနှင့် စစ် ကောင်စီတပ်တို့အကြား တိုက်ပွဲများ နေ့စဥ်ဖြစ်ပွားနေပြီး ဒေသအတွင်းကျေးရွာချင်းဆက်လမ်းပိုင်းများအား စစ်ကောင်စီတပ်က ဖျက်ဆီးဖြတ်တောက်ပစ်သည့်အတွက် ဝင်ထွက်သွားလာရေး ပိုမိုခက်ခဲလာနေကြောင်း ဒေသခံများက ပြောသည်။

ထို့အတူ KNLA ပူးပေါင်းတပ်များဘက်မှလည်း နယ်စပ်ကုန်စည်စီးဆင်းနေသည့် ဖားအံ – ရန်ကုန် ကားလမ်း မကြီးတွင် စစ်တပ်တပ်စွဲပြီး စစ်ဆေးနေသည့်ဂိတ်များတံတားများအား တိုက်ခိုက်မှုများရှိနေကြောင်း စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။