ဇူလိုင်လ(၈)ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၁)ထိန်းချုပ်နယ်မြေ၊ သထုံခရိုင်၊ သထုံမြို့နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စုရှိ ရွှေရောင်ပြကျေးရွာတွင် ယမန်နေ့ နေ့လည်ပိုင်းက စစ်ကောင်စီတပ်၏ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ကလေးငယ်(၂)ဦးအပါအဝင် ဒေသခံ(၆)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ၏ ယနေ့ထုတ်ပြန်ချက်အရ သိရသည်။
လက်နက်ကြီးပစ်ခတ်မှုကို သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီ၏အမြှောက်တပ်ရင်း (အမတ-၃၁၄) မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ပစ်ခတ်ခဲ့သည့်လက်နက်ကြီး သုံးလုံးအနက် ရွှေရောင်ပြကျေးရွာအတွင်း တစ်လုံးကျရောက်ပေါက်ကွဲ၍ ဒေသခံ အသက်(၅)နှစ်အရွယ် ယောက်ျားလေးတစ်ဦး၊ အသက်(၉)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး၊ သက်လတ်ပိုင်းအရွယ် အမျိုးသမီး သုံးဦးနှင့်အမျိုးသားတစ်ဦးတို့ အသီးသီးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒေသခံအမျိုးသားတစ်ဦးက “ရွှေရောင်ပြရွာဆိုတာ နာမည်ကြီးပဲ ဟိုအရင် အာဏာမသိမ်းခင်ကတည်း ကလည်း အဲ့နားက တပ်စခန်းတွေ က ခဏခဏပစ်ခတ်ခံရတယ်။ အဲ့ဒီရွာနား သိပ်မဝေးတဲ့နေရာမှာ လေ့ကျင့်ရေးတပ်တွေရှိတယ်လေ။ တပ်စခန်းတွေကြားမှာ ရှိသလိုဖြစ်နေတာ။ ရွာခံတွေဆိုလည်း ပြေးလိုက် နေလိုက်ပဲ စစ်တပ်က ခုနောက်ပိုင်း ဒေသခံတွေကိုဦးတည်ပြီးလုပ်တာ” ဟု ကေအိုင်စီသို့ပြောသည်။
ကေအဲန်ယူ၏ထုတ်ပြန်ချက်အရ ယမန်နေ့ ဖြစ်စဉ်တွင် ဒေသခံများသည် ၎င်းတို့နေအိမ်အတွင်းရှိနေစဥ် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်၍ ထိခိုက်ဒဏ်ရာရရှိခဲ့ကြခြင်းဖြစ်သလို ကျည်စများကြောင့် အခြားဒေသခံနေအိမ်(၃)လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့ကြောင်း ဆက်လက်ဖော်ပြထားသည်။
ထို့အပြင် ပြီးခဲ့သည့်ဇွန်လ(၂၉)ရက်နေ့ကလည်း ပူးပေါင်းတပ်ဖွဲ့များ၏မိုင်းခွဲဖျက်ဆီးမှုကြောင့် ပျက်စီးသွား သော ကျုံအိတ်တံတား(ရွှေရောင်ပြတံတား)အား ပြုပြင်ရာတွင် လုံခြုံရေးယူသည့်အနေဖြင့် ကင်းပုန်းဝပ် နေသော စစ်ကောင်စီတပ်ဂိတ်စခန်း နှစ်ခုနှင့် အဆိုပါ အမတ-၃၁၄ တပ်ရင်းတို့အား ယမန်နေ့မနက်ပိုင်းက KNLA ပူးပေါင်းတပ်မှ ဒရုန်းဖြင့်ထပ်မံပစ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ထိုသို့ တုံ့ပြန်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်များက ဆိုသည်။
သထုံမြို့နယ်နှင့်ဘီးလင်းမြို့အကြားတွင်ရှိသော ရွှေရောင်ပြကျေးရွာသည် စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏခံနေရပြီး ဒေသခံထိခိုက်သေဆုံးခြင်းများလည်းရှိခဲ့ကြောင်း ဒေသ တွင်း သတင်းအရင်းအမြစ်များမှ သိရသည်။
အလားတူ ပြီးခဲ့သည့်ဇွန်လ(၁)ရက်နေ့ကလည်း အဆိုပါအမြှောက်တပ်ရင်းမှ အကြောင်းမဲ့လက်နက်ကြီးပစ်ခတ်ခဲ့သဖြင့် ကျေးရွာအတွင်းကျရောက်ပေါက်ကွဲပြီး အသက်မပြည့်သေးသော ကလေးငယ်(၃)ဦးအပါအဝင် အမျိုးသမီး(၂)ဦး စုစုပေါင်း(၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။



















