ဇူလိုင်လ ၇ ရက်၊ ၂၀၂ ၃ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့သစ်(၁၃)မိုင်နှင့် ပျား စခန်းအကြား တောင်ငူ-သံတောင်ကားလမ်းမကြီးနံဘေးတွင်ရှိသော ကျွန်းခင်းမှ ကျွန်းသစ်များ စစ်တပ်အာဏာသိမ်းယူပြီးသည့်နောက်ပိုင်း တဖြည်းဖြည်းချင်း ခိုးထုတ်ခံနေရကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ နိုင်ငံပိုင်ကျွန်းခင်းမှကျွန်းသစ်များအား စစ်ကောင်စီအာဏာသိမ်းယူပြီးကာစ တရားဥပဒေစိုးမိုးမှုပျက်ပြားသွားသည့်အချိန်တွင် အနည်းအကျဥ်းခိုးထုတ်ရာမှ ယခုနှစ်အစောပိုင်းမှစ၍ ဖောကားများဖြင့် ရဲရဲတင်းတင်း သယ်ထုတ်လာကြကြောင်း ထိုနယ်မြေခံအမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။
“ပထမတုန်းကတော့ အရပ်သားတချို့က ဆိုင်ကယ်လေးတွေနဲ့ အနည်းအကျဥ်းသယ်တာ လစ်ရင်လစ်သလိုပေါ့၊ နောက် အဖွဲ့အစည်းတချို့ကပါ ပါလာတယ်လို့ကြားတယ်။ သူတို့က ပိုခိုးထုတ်တယ်။ အခုကတော့ ပြောင်ပြောင် တင်းတင်းကိုသယ်ထုတ်နေကြပြီ။ ဘယ်သူကမှလည်း တိုင်လို့မရဘူး။ သစ်ခိုးတဲ့သူတွေက စခိုးထုတ်ကတည်းက ဟိုးကျွန်းခင်းအတွင်းပိုင်းကနေ ခိုးတယ်။ အပြင်ကကြည့်ရင် မသိသာဘူးပေါ့” ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။
ထိုသို့ သစ်ခိုးထုတ်သည့်အဖွဲ့များတွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အခေါ် ငြိမ်းချမ်းရေးအဖွဲ့ဝင်များနှင့် အခြားအတည်ပြုရန်လိုအပ်ဆဲ အဖွဲ့မှလူကြီးအချို့လည်း ပါဝင်ပတ်သက်နေပြီး နယ်မြေခံများက တားမြစ်သည့်အခါ စစ်ကောင်စီ လက်တွင်းအပ်နှံမည်ဟု ခြိမ်းခြောက်ပြောဆိုကြကြောင်းလည်း အမည်မဖော်လိုသော အခြားဒေသခံအမျိုးသမီးတစ်ဦးက ပြောပြသည်။
၎င်းက “ခိုးထုတ်တဲ့အထဲမှာ စစ်တပ်လက်အောက်က သံတောင်အထူးဒေသ ငြိမ်းချမ်း ရေးအဖွဲ့ဝင် ဗိုလ်အဆင့်တစ်ယောက်ပါတယ်၊ ကျွန်းသစ်တွေကို အခုနောက်ပိုင်း နေ့လည်ဘက်လည်း သယ်ထုတ်လာကြတယ်၊ သိတဲ့သူတွေကတားတော့ ဖမ်းပြီး စစ်တပ်လက်အပ်မယ်ဆိုပြီး ခြိမ်းခြောက်တယ်။ သူတစ်ယောက်ထဲမဟုတ်ဘူး၊ သူကပေါင်းစားတာ။ စစ်တပ်ဘက်ကအရာရှိတွေလည်းပါတယ်။” ဟု အဆိုပါ အမျိုးသမီးက ဆိုသည်။
ထို့အပြင် ပြီးခဲ့သည့် ဇူလိုင်လ(၄)ရက်နေ့ကလည်း စစ်ကောင်စီလက်အောက်ရှိ ထိုငြိမ်းချမ်းရေးအဖွဲ့ဝင်များဖြစ်သော ဗိုလ်အဆင့်အရာရှိ ဦးခင်မောင်လွင်နှင့်ဘိုဗရာ တို့နှစ်ဦးအား သစ်များကို ကိုယ်ကျိုးအတွက် ခိုးထုတ်ယူနေသဖြင့် တောင်ငူ-လိပ်သိုကားလမ်းတစ်နေရာတွင် သံတောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပစ်ခတ်သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း ကာကွယ်ရေးအဖွဲ့၏ ယမန်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
ဇူလိုင်လ ၁ရက်မှ ၃၁ ရက်နေ့အထိ တစ်လလုံးသည် ကရင်တိုင်းရင်း သားဒေသ(ကော်သူးလေ)သစ်ပင်စိုက်လဖြစ်ပြီး ဒေသအတွင်းနေရာအများအပြားတွင် နယ်မြေခံတာဝန်ရှိသူများနှင့်ဒေသခံများက ပူးပေါင်းကာ သစ်ပင်စိုက်ကြသည်။ သို့သော်လည်း ထိုသို့ သံတောင်ကြီးမြို့နယ်အတွင်းရှိ ကျွန်းပင်များ အရေးယူမည့်သူမရှိဘဲ ခုတ်လှဲ ခိုးယူခံနေရခြင်း၊ ခြိမ်းခြောက်မှုများ ရှိလာသည်နှင့်ပတ်သက်၍ ဒေသခံများအကြား ဝေဖန်ပြောဆိုမှုများရှိလာကြောင်း သိရသည်။



















