ဇူလိုင်လ(၈)ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၁)ထိန်းချုပ်နယ်မြေ၊ သထုံခရိုင်အတွင်း နယ်မြေစိုးမိုး မှုရရှိရန်အတွက် ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမကြီးပေါ်သို့ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များ စစ်ကြောင်းလှည့်လည်ခဲ့ကြကြောင်း စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။
ထိုသို့စစ်ကြောင်း လှည့်လည်လုပ်ဆောင်ခြင်းသည် KNLA တပ်ရင်း(၃) နယ်မြေ၊ ဘီးလင်းမြို့နယ်အတွင်းရှိ သော ရန်ကုန်-မော်လမြိုင်လမ်းပိုင်းအား ထိန်းချုပ်နိုင်ရန် ပထမခြေလှမ်းဖြစ်သလို ပြည်သူများအား စည်းရုံး လှုံ့ဆော်သည့်အနေဖြင့်လည်း လုပ်ဆောင်ခြင်းဖြစ်ကာ စစ်ကောင်စီအား တန်ပြန်တိုက်စစ်ဆင်နွဲသည့် သဘောဆောင်သည်ဟု တော်လှန်ရေးတပ်ဖွဲ့များနှင့်နီးစပ်သူ တစ်ဦးက ယခုလိုပြောသည်။
၎င်းက “စစ်ကြောင်းဆင်းပြီး ကားလမ်းပေါ်ဖြတ်သန်းသွားလာနေတဲ့ မော်တော်ယာဥ်တွေကို စစ်ဆေးတယ်။ ပြည်သူတွေလည်းအသာတကြည်ပဲလက်ခံပါတယ်။ တချို့ဆိုလက်သုံးချောင်းတွေထောင်ပြီး တစ်ချို့က ရေသန့်တွေ မုန့်တွေ ကွမ်းယာတွေတောင် ပြန်ပေးကြတာရှိတယ်။ တပ်မဟာ(၁) တပ်ရင်း(၃) နယ်မြေထဲမှာ လည်း ဒီလိုတွေလုပ်ဆောင်နေတယ်ဆိုတာ ပြချင်တာလည်းပါ ပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ထိုသို့ စစ်ကြောင်းလှည့်လည်စဥ် ကျိုက်ထို-ဘီးလင်းအစပ်ရှိ စစ်ကောင်စီ၏ သံတံတားဂိတ်စခန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြိမ်းခြောက်ရာ ဘီးလင်းမြို့နယ် သရက်ကုန်းကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်း အနီးသို့ ကျရောက်ခဲ့သော်လည်း လူထိခိုက်မှုမရှိကြောင်း ဘီးလင်းမြို့ခံများကပြောသည်။
“တော်လှန်ရေးအင်အားစုတွေ စစ်ကြောင်းလှည့်တုန်း သူတို့(စစ်ကောင်စီ)ဘက်က သတင်းရရုံနဲ့ လက်နက် ကြီးပစ်တာပါ။ ရမ်းသမ်းပစ်တာပေါ့နော်။ သရက်ကုန်းရွာ ဘုန်းကြီးကျောင်းနားက အိမ်သာတွေပျက်စီးတယ် အပင်တွေထိတယ်။ လူတော့အထိအခိုက်မရှိဘူး။” ဟု မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်ပြီးခဲ့သည့် ဇူလိုင်လ(၁)ရက်နေ့ကလည်း တောင်ပိုင်းတိုင်းစစ်ဒေသ အမှတ်(၂)စစ်ဒေသခွဲမှ မွန်ပြည် နယ်အတွင်းရှိ ရန်ကုန်-မုတ္တမ၊ ရန်ကုန်-ဖားအံလမ်းပိုင်းများအား နေ့စဥ် နံနက်(၆)နာရီမှ ည(၆)နာရီ အတွင်း ဖြတ်သန်းသွားလာခြင်းမပြုရန်နှင့် သတ်မှတ်လမ်းပိုင်းအား နေ့အချိန်ဖြတ်သန်းသွားလာရပါက ယာဉ်ကို မှန်ချ၍ မောင်းနှင်ကြရန် အသိပေး ထုတ်ပြန်ထားသေးသည်။
အလားတူ ယမန်နေ့က လက်နက်ကြီးပစ်ခတ်ခဲ့သော သံတံတားစစ်ဆေးရေးဂိတ်အား KNLA ပူးပေါင်း တပ်ဖွဲ့များက ဇူလိုင်လ(၆)ရက်နေ့က ဒရုန်းဗုံးဖြင့် ခြောက်ကြိမ်တိတိ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ဘက်မှ တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့သလို စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် ပြန်လည် တုံ့ပြန်ပစ်ခတ် မှုများလည်း လုပ်ဆောင်ခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။



















