Home သတင်း လေးကေကော်ရှိ နေအိမ်များ ခိုးယူဖျက်ဆီးခံထားရသောကြောင့် နေရပ်ပြန်နေထိုင်သူများ အခက်အခဲကြုံနေရ

လေးကေကော်ရှိ နေအိမ်များ ခိုးယူဖျက်ဆီးခံထားရသောကြောင့် နေရပ်ပြန်နေထိုင်သူများ အခက်အခဲကြုံနေရ

931

ဇူလိုင် ၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တိုက်ပွဲကြောင့် စွန့်ပစ်ထားခဲ့ရသည့် လေးကေကော်မြို့သစ် နေအိမ်များတွင် အိမ်အသုံးအဆောင်ပစ္စည်းများ ခိုးယူဖျက်ဆီးခံထားရမှုများကြောင့် စစ်ဘေးရှောင်များ နေရပ်ပြန်လည် နေထိုင်ရန် အခက်အခဲများ ကြုံတွေ့ နေရကြောင်း နေရပ်ပြန် လေးကေကော်ဒေသခံများ ကပြောသည်။

လေးကေကော်မြို့သစ်နေရာတွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှစ၍ ယခုနှစ် ဧပြီလအထိ တစ်နှစ်ကျော် အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိ တိုက်ပွဲများ မရှိတော့ သောကြောင့် စစ်ဘေးရှောင် ဒေသခံများ ပြန်လည် အခြေချ နေထိုင်ကြရန် လုပ်ဆောင်ရာတွင် ယခုလို နေအိမ်များနှင့် အိမ်အသုံးအဆောင်ပစ္စည်းများ ခိုးယူဖျက်စီး ခံထားရ၍ အခက်အခဲကြုံနေရကြောင်း ဒေသခံ အမျိုးသမီး တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

“လေးကေကော်က နေအိမ်တိုင်း အခိုးခံ ဖျက်ဆီးခံထားရတယ်။ အိမ်မီးလိုင်းတွေ ဝါယာကြိုးတွေ မီးလိုင်း ပိုက်တွေ၊ အိမ်သာကျင်း သံအဖုံးတွေ အိမ်သံဇကာတွေ၊ ခြံဝန်းတံခါးတွေ အကုန်ဖြုတ်ခိုးခံရတယ်။ ရပ်ကွက် လူကြီးတွေကိုပြောတော့ ပြန်လာမနေတာ သူတို့မတတ်နိုင်ဘူးလို့ပြောတယ်။ ကျမတို့ ရပ်ကွက်တွေဘက်မှာ လောင်းကစား ဖဲဝိုင်းတွေ လုပ်နေတာလည်း ရှိနေတယ်။ အခု လေးကေကော် က ပြန်နေရတဲ့ဟာက မလုံခြုံဘူး ဖြစ်နေတယ်။ ကိုယ်ဖြစ်ကိုယ်ခံ သဘောမျိုးဖြစ်နေတယ်” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

လတ်တလောတွင် လေးကေကော် ဒေသအတွင်း နှစ်ဖက်တိုက်ပွဲမဖြစ်ပွားတော့သည်မှာ ၃လ ကျော်နီးပါးရှိပြီး ဖြစ်သော်လည်း မဲကနယ်၊ ကျောက်တောင် နှင့် လက်ခက်တောင် ဒေသဘက်ကို လေးကေကော် အနီး စစ်ကောင်စီ လက်နက်ကြီးကုန်းမှ လက်နက်ကြီးပစ်ခတ်မှုများ ဆက်ရှိ နေသေးကြောင်း ဒေသခံများထံမှ သိရ သည်။

“လေးကေကော်ကတော့ တိုက်ပွဲ မဖြစ်တော့တာ ၄ လ လောက်ရှိပြီ ဆိုတော့ တချို့တွေ သူ့အိမ်သူ ပြန်ဝင်လာ နေကြတာတော့ရှိတယ်။ တရားဝင်နေခွင့် သဘောတော့မဟုတ်ဘူး။ မယ်ဝါးခီးတို့၊ ပဟိကလော်တို့လည်း ပြန်နေ နေကြပြီး ကျောင်းတွေလည်း ဖွင့်နေပြီး။ ကိုယ်အနား တိုက်ပွဲမဖြစ်ပေမယ့် လက်နက်ကြီးသံ တိုက်ပွဲသံကတော့ ကြားနေရတယ်” ဟု စစ်ဘေးရှောင် လေးကေကော် ဒေသခံ တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

လက်ရှိ မြဝတီမြို့ တောင်ဘက် လေးကေကော်၊သေ့ဘောဘိုးနှင့် ဝေါလေ လမ်းပိုင်းတစ်လျှောက်တွင် နှစ်ဖက် တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိတော့သော်လည်း ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊သံတောင် နှင့် ဖာပွန်မြို့ ဘက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်အကြား နေ့စဥ် နီးပါး တိုက်ပွဲများ ဆက်ဖြစ်နေသောကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ ဆက်ရှိနေကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU၏ ထုတ်ပြန်ချက်များအရ သိရသည်။