Home သတင်း နှစ်ဝက်ကာလတိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ နှစ်ထောင်ကျော်သေဆုံးကြောင်း ကေအဲန်ယူထုတ်ပြန်

နှစ်ဝက်ကာလတိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ နှစ်ထောင်ကျော်သေဆုံးကြောင်း ကေအဲန်ယူထုတ်ပြန်

1008
Photo: KNU

ဇူလိုင်လ(၉)ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်ရာနယ်မြေအတွင်း ယခု ၂၀၂၃ခုနှစ် ဇန်နဝါရီလ(၁)ရက် နေ့မှ ဇွန်လ(၃၀)ရက်နေ့အထိ ခြောက်လတာကာလအတွင်း စစ်ကောင်စီနှင့်ဖြစ်ပွားခဲ့သောတိုက်ပွဲများအနက် စစ်ကောင်စီဘက်မှ စုစုပေါင်း (၂,၆၃၂)ဦး သေဆုံးခဲ့ကြောင်း ကေအဲန်ယူဘက်က ယနေ့ထုတ်ပြန်ထားသည်။

ကေအဲန်ယူ အုပ်ချုပ်မှုလက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ ကရင်အမျိုး သားကာကွယ်ရေးတပ်ဖွဲ့-KNDOအပြင် ၎င်းတို့၏ကွပ်ကွဲမှုအောက်ရှိ တော်လှန်ရေး အင်အားစုများနှင့် စစ်ကောင်စီတို့အကြား ၆လတာအတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲအကြိမ်ရေပေါင်း (၂၄၀၀)ကျော် အတွင်း စစ်ကောင်စီဘက်မှယခုလို နှစ်ထောင်ကျော် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ကေအဲန်ယူ၏ ထုတ်ပြန်ချက်က ဆို သည်။

ဆက်လက်ပြီး စစ်ကောင်စီဘက်မှသေဆုံးသူများတွင် တပ်ရင်းမှူး(၅)ဦး၊ ဒု-တပ်ရင်းမှူး(၅)ဦး၊ ဗိုလ်အဆင့် အရာရှိ (၁၃)ဦးနှင့် အရာခံဗိုလ်(၅)ဦးလည်းပါဝင်ပြီး ထိခိုက်ဒဏ်ရာရရှိသူများတွင် ဒု-တပ်ရင်းမှူး တစ်ဦး အပါ အဝင် စုစုပေါင်း တစ်ထောင်ခြောက်ရာကျော်ရှိနေပြီး စစ်ဆင်ရေးအတွင်းအသုံးပြုသော စစ်ကောင်စီဘက်မှ မော်တော်ယာဥ်အစီး တစ်ရာနီးပါးလည်း KNU က ဖျက်ဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြပါရှိသည်။

အလားတူ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိသလို နှစ်ဖက်တိုက်ပွဲအတွင်း KNLA၊ KNDO နှင့် ၎င်းတို့ကွပ်ကွဲမှုလက်အောက်ရှိ တော်လှန်ရေး အင်အားစုများဘက်မှလည်း (၇၀) ကျော်ကျဆုံးခဲ့သလို (၂၅၀) ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူက ဆိုသည်။

ယခုနှစ်အတွင်း နှစ်ဖက်တိုက်ပွဲများတွင် စစ်ကောင်စီဘက်က ယခင် ထိုးစစ်အနေအထားမှ ခံစစ် အနေ အထားသို့ ပြန်ရောက်နေပြီးဖြစ်ကာ စစ်ကောင်စီဘက်မှ လေကြောင်းကိုသာ အဓိက အားထား အသုံးပြု လာနေရပြီး လေကြောင်း ပစ်မှတ်အနေဖြင့်လည်း ပြည်သူများကိုသာ ဦးတည်တိုက်ခိုက် နေကြောင်း KNLA စစ်ဦးစီးပထမတန်း ဗိုလ်မှူးချုပ် စောတာမလာသောက သုံးသပ်ပြောဆိုသည်။

“စစ်ကောင်စီက အရင် ထိုးစစ်အနေအထားကနေ ခံစစ်ပြန်ရောက်နေပြီး ထိုးစစ်အပိုင်းမှာတော့ အင်အား ကြီးနိုင်ငံတွေက သူတို့ကိုပေးတဲ့အထောက်အပံ့တွေနဲ့ ကျနော်တို့ဒေသတွေမှာ လေကြောင်းသုံးမှုတွေပို လုပ်လာတာတွေ့ရတယ်။ ပြီးတော့ ကျနော်တို့ပြည်သူတွေရဲ့ ပညာရေးပိုင်းတွေမှာ၊ လူမှုရေးအပိုင်း စတာ တွေမှာ ဆက်ရပ်တည်နေနိုင်ရင် ကေအဲန်ယူကလည်း ဆက်သွားနေနိုင်ဦးမယ်ဆိုတဲ့သဘောနဲ့ ပြည်သူ တွေကိုဦးတည်ပြီး တိုက်ခိုက်လာတာတွေ့ရတယ်” ကေအိုင်စီသို့ ဇူလိုင်လ ၅ ရက်နေ့က ဖြေကြားထားသည်။

တိုက်ပွဲများကြောင့် ကော်သူးလေအုပ်ချုပ်နယ်မြေများအတွင်း နေရပ်စွန့်ခွာထွက်ပြေးရသော ပြည်သူလူထု စုစုပေါင်း ၆ သိန်းနီးပါးရှိလာသလို ကေအဲန်ယူအနေဖြင့် ၂၀၂၂ခုနှစ် ဇူလိုင်လမှ ယခု ၂၀၂၃ခုနှစ် ဇွန်လအထိ စစ်ဘေးရှောင်ပြည်သူ နှစ်သိန်းကျော်အတွက်သာ လိုအပ်သည်များကို ထောက်ပံ့ပေးနိုင်ခဲ့ပြီး အထူးသဖြင့် မိုးရာသီကာလဖြစ်သည့်အတွက် စားနပ်ရိက္ခာအပြင် နေရာထိုင်ခင်းနှင့်အမိုးအကာများ လိုအပ်ချက်များစွာရှိ နေသည်ဟု ထုတ်ပြန်ချက်ပါအရ သိရသည်။

အလားတူ ကေအဲန်ယူ တပ်မဟာ(၃)ထိန်းချုပ်နယ်မြေဖြစ်သော ညောင်လေးပင်ခရိုင်အတွင်း ပြီးခဲ့သည့် ဇွန်လမှစ၍ တိုက်ပွဲများဆက်လက်ပြင်းထန်နေမှုကြောင့် ဒေသခံပြည်သူများမှာ ဆက်တိုက်ရွှေ့ပြောင်း စစ်ရှောင်နေရပြီး စစ်ဘေးရှောင်ကလေးငယ်များတွင်လည်း တုပ်ကွေးဖြစ်ပွားမှုများရှိလာသည့်အတွက် ဆေးဝါးနှင့်ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်ကြောင်း စစ်ဘေးရှောင်ကူညီနေသူများက ပြောဆို ကြသည်။

ကေအဲန်ယူ နယ်မြေအတွင်း နှစ်ဖက်ဖြစ်ပွားသည့် တိုက်ပွဲအခြေအနေများနှင့် ထိခိုက်သေဆုံးမှု အခြေအနေ များကို ကေအဲန်ယူဘက်က လစဉ်အပြင် လဝက် နှင့် နှစ်ဝက်ကာလများတွင် ထုတ်ပြန်လေ့ရှိသော်လည်း စစ်ကောင်စီ ဘက်မှ ၎င်းအခြေအနေများနှင့်ပတ်သက်ပြီး ထုတ်ပြန်လေ့မရှိကြောင်း တွေ့ရသည်။