Home သတင်း စစ်ကောင်စီတပ်၏ ဆက်သွယ်ရေးတာဝါတိုင်စခန်းတိုက်ခိုက်ခံရပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရမိ

စစ်ကောင်စီတပ်၏ ဆက်သွယ်ရေးတာဝါတိုင်စခန်းတိုက်ခိုက်ခံရပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရမိ

586

ဇူလိုင်လ ၇ ရက်၊၂၀၂၃ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ၁၄ မိုင်ကျေးရွာအနောက်ဘက်ရှိ စစ်ကောင်စီ၏ ဆက်သွယ်ရေး တာဝါတိုင် စခန်းကုန်းကို ယမန်နေ့ ဇူလိုင်လ ၆ ရက်နေ့ ည(၁၁)နာရီအချိန်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲ ယမ်းအချို့သိမ်းဆည်းရမိခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့ (YGF)က ယနေ့ သတင်းထုတ်ပြန်ထားသည်။

အဆိုပါစစ်ကောင်စီတပ်၏ ဆက်သွယ်ရေးတာဝါတိုင်စခန်းကုန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)တပ်ရင်း (၂၇) တပ်ခွဲ (၂)နှင့် (YGF) တို့ ပူးပေါင်း၍ လက်နက်ကြီး လက်နယ် ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုအခြေအနေကိုမူ မသိရှိရသေးကြောင်း YGF၏ ပြန်ကြားရေးတာဝန်ခံ စောခေတ်သစ်က ယနေ့တွင် ပြောသည်။

၎င်းက “KNLAတပ်ဖွဲ့တွေနဲ့အတူ တိုက်ခိုက်ခဲ့ပါတယ်။ ညပိုင်းအချိန်ဖြစ်လို့စကစရဲ့ ထိခိုက်သေဆုံးမှု ကိုအတည် မပြုနိုင်ဘူး။ လက်ရှိစခန်းကုန်းအခြေအနေကိုလည်း မသိရသေးပါဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ တိုက်ခိုက်ရာတွင် အဆိုပါစခန်းမှ ရှေ့ထွက်မိုင်း (၃)လုံး၊ ကပ်သီး (၁၈)ခု၊ 5.56 ကျည် (၂၁၈)၊ 40mm ကျည် (၂၀)လုံး၊ လက်ပစ်ဗုံး(၂၀)လုံး၊ ကျည်ဘောက် (၁၀)ခု၊ အီကွေမင့်(၂)စုံ၊ မှတ်ပုံတင်(၂)ခုနှင့် ဖုန်း(၃)လုံးအပြင် ယူနီဖောင်းတစ်စုံ(တပ်သားအဆင့်)စသည့် ပစ္စည်းများကို သိမ်းဆည်းရမိကြောင်းလည်း YGF ဘက်က ထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ကောင်စီတပ်၏ ဆက်သွယ်ရေးတာဝါတိုင်(micro wave)ကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့များက အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း YGF၏ ထုတ်ပြန်ချက်တွင်ဖော်ပြထား သည်။

၎င်းတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ လက်နက်သိမ်း ဆည်းရမိသည့်ပစ္စည်းများကို လူမှုကွန်ရက်စာမျက်နှာပေါ်တွင် သတင်းထုတ်ပြန်ထားသော်လည်း စစ်ကောင်စီတပ်ဘက်မှ တစ်စုံတစ်ရာ သတင်းထုတ် ပြန်လာခြင်းမရှိသေးကြောင်း တွေ့ရသည်။

အဆိုပါ မွန်ပြည်နယ်၊ ရေးမြို့ထဲတွင် ရေးပြောက်ကျားတပ်ဖွဲ့ -YGF ၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA နှင့် ရေးဘီလူးတပ်ဖွဲ့များက စစ်ရေးလှုပ်ရှားနေလျက်ရှိသည်။