Home သတင်း ဆန်ကြမ်းဈေးနှစ်ဆကျော် မြင့်တက်လာသဖြင့် ဒေသခံများ ဆန်ကိုဗူးဖြင့်သာ ဝယ်စားနေရ

ဆန်ကြမ်းဈေးနှစ်ဆကျော် မြင့်တက်လာသဖြင့် ဒေသခံများ ဆန်ကိုဗူးဖြင့်သာ ဝယ်စားနေရ

810
Photo: CJ

ဇူလိုင်လ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်။ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိ ရပ်ကွက်များတွင် ဆန်ကြမ်းဈေး နှစ်ဆကျော်မြင့် တက်လာခြင်း ကြောင့် ဒေသခံအများစုအနေဖြင့် ဆန်ကိုဗူးလိုက်အနေအထားဖြင့်သာ ဝယ်စားနေကြရကြောင်း ဒေသခံများက ပြောသည်။

ထားဝယ်မြို့ပေါ်ရှိ ရပ်ကွက်အတွင်း နေထိုင်သူများအနေဖြင့် အခုလတွင် ဆန်ကြမ်းဈေး ၃၀,၀၀၀ ကျော်မှ ၆၀,၀၀၀ ကျော် ၇၀,၀၀၀ နီးပါးအထိ ဆန်ဈေးနှစ်ဆကျော် မြင့်တက်လာပြီး ယခင်က ဆန်ကို အိတ်လိုက်ဝယ်စား နိုင်ကြသော်လည်း ယခုလို ဆန်ဈေးမြှင့်တက် လာသည့်အပြင် အလုပ်အကိုင်ရှားပါးလာခြင်းကြောင့် ဒေသခံအများစုမှာ ဆန်ကိုဗူးလိုက်အနေအထားဖြင့်သာ ဝယ်စားနိုင်တော့ကြောင်း ရပ်ကွက်အတွင်း နေထိုင်သူ တစ်ဦးက ပြောသည်။

၎င်းက “တစ်အိတ်ဆိုရင် စားနေကြက ၁၂ပြည်အိတ်ကို ခြောက်သောင်း ကျော်ရှိနေပြီး။ အရင်ကဆို သုံးသောင်း ကျော် လေးသောင်းတောင်မပြည့်ဘူး။ ရပ်ကွက်တွေမှာက အလုပ်မရှိကြတော့ ဆန်ကိုအိတ်လိုက် မဝယ်စားကြ တော့ဘူး။ အလုပ်ကမရှိတော့ ပိုဆိုးတယ်။ အရင်က တစ်ရက်လုပ်တစ်ရက်စားရသေးတယ်။ ရှစ်ဗူးတို့၊ လေးဗူးတို့ အဲ့လိုမျိုးတွေပဲ နောက်ပိုင်းဝယ်စားလာကြတော့တယ်။ ကြက်ဥတစ်လုံးကိုသုံးရာ၊ မားမားတစ်ထုပ်ကို ၇၀၀ ထိ ပေးနေရတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိ ထားဝယ်မြို့ပေါ်ရှိ ရပ်ကွက်များတွင် မိုးတွင်းကာလဖြစ်သောကြောင့် ရေကြီးရေလျှံမှုအနေအထားဖြင့် လည်းကြုံတွေ့နေကြရပြီး မြို့ထဲသို့သွားရောက် အလုပ်လုပ်ကိုင်ရာတွင် သွားလာရေး အခက်အခဲများကိုပါ ကြုံတွေ့နေရကြောင်း ၎င်းက ဆက်ပြောသည်။

Photo: CJ

ထို့အပြင် ကျေးရွာများသို့ ဆန်အိတ်များ သယ်ဆောင်ရာတွင် ကားတစ်စီးလျှင်ဆန်အိတ်အကန့်အသတ်ဖြင့် သာ သယ်ဆောင်ခွင့်ပြုသလို ဆိုင်ကယ်တစ်စီးလျှင် ဆန်တစ်အိတ်နှုန်းဖြင့်သာ သယ်ဆောင်ခွင့်ပြုထားသောကြောင့် ကျေးရွာမှ တက်လာပြီး ဆန်လာရောက်ဝယ်ယူသူများ အနေဖြင့် အခက်တွေ့နေရကြောင်းလည်း မြို့ပေါ်သို့ ဆန်လာရောက်ဝယ်ယူသူတစ်ဦးက ယခုလို ပြောသည်။

“မြို့ထဲမှာ ကြိုက်သလောက်ဝယ်လို့ရတယ်။ ဒါပေမဲ့ဈေးကြီးတော့ မဝယ်နိုင်ကြတာများတယ်။ ရွာဘက်က လာဝယ်ရင်ကားတစ်စီးကို ဘယ်နှအိတ်ဆိုင်ကယ်ကိုကျတော့ တစ်အိတ်ပဲ သယ်လို့ရတယ်။ ပြီးရင် သူတို့စစ်တပ် ဂိတ်ရှိတဲ့ဘက်ကပဲ ဝင်လို့ရတယ်။ တချို့တွေကျတော့လည်း မြို့ထဲမှာ အိမ်ငှားပြီးတော့ နေကြရတာပေါ့ အဆင် မပြေတော့။ ရွာဘက်တွေက နေ့တိုင်းစစ်ဖြစ်နေတာ။”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထားဝယ်မြို့အဝင် စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွားလာသူများ၏ ဖုန်း၊ မှတ်ပုံတင်များကို စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး အကြောင်းမဲ့ဖမ်းဆီးခြင်း ငွေကြေးတောင်းခံခြင်းများကိုပါ ပြုလုပ်လျက်ရှိကြောင်း ဒေသတွင်း သတင်းအရင်းမြစ်များ၏ ပြောဆိုချက်များအရ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့တွင်လည်း မြို့အဝင်ရှိ စစ်ဆေးရေးဂိတ်တွင် အသက်၂၈ နှစ်အရွယ် ကရင် လူငယ်တစ်ဦးအကြောင်းအရင်းမရှိ ဖမ်းဆီးခံခဲ့ရပြီး ယခုအချိန်ထိ အဆက်အသွယ်မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။