Home သတင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များ ပစ်ခတ်သဖြင့် အရပ်သား(၃)ဦး ဒဏ်ရာရ

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များ ပစ်ခတ်သဖြင့် အရပ်သား(၃)ဦး ဒဏ်ရာရ

828
Photo: CJ

ဇူလိုင်လ ၃ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင် မုန်းမြို့ နယ်အတွင်းရှိ ကျေးရွာများသို့ ယမန်နေ့နံနက်ပိုင်းက အင်အားရာနှင့်ချီသော စစ်ကောင်စီတပ်များ စစ်ကြောင်း ထိုးဝင်ရောက်စဥ် လက်နက်ကြီး၊ ငယ်များဖြင့်ပစ်ခတ်သဖြင့် အရပ်သား(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။

ထိုနေ့နံနက် ၄ နာရီခန့်တွင် ရေတွင်းကုန်းကြီးကျေးရွာသို့ ဝင်ရောက်လာသော အဆိုပါ စစ်ကောင်စီ တပ်များသည် ကျေးရွာတွင် ကျန်ရှိနေသော ဒေသခံပြည်သူများအား လက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့မှုကြောင့် အသက်(၄၀) နှစ်နှင့်(၃၁)နှစ်အရွယ်ရှိ ဒေသခံအမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ၏ ယမန်နေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ ယနေ့နံနက်ပိုင်းတွင်လည်း စစ်ကောင်စီ၏ နတ်သံကွင်းရှိတပ်ရင်းမှ ပစ်ခတ်လိုက်သော လက်နက် ကြီးကျည်စထိမှန်၍ အုန်းပင်စုကျေးရွာနေအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မုန်းမြို့ နယ်ရှိဒေသခံအမျိုးသားတစ်ဦးက ယခုလိုပြောသည်။

“နတ်သံကွင်းကနေ မုန်းဘက်ကရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့လှမ်းထုနေတာ ဒီနေ့ မနက်အထိတစ်မနက်လုံးပဲ။ ရေတွင်းကုန်းရွာမှာတပ်စွဲနေတဲ့တပ်ကလည်း လက်နက်ငယ်တွေနဲ့ လှမ်းလှမ်းပစ်တယ်။ ရေတွင်းကုန်းကလူတွေလည်း ထပ်ပြေးရတယ်။ အနီးအနားရွာကလူတွေလည်း အကုန်ပြေးရတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

Photo: CJ

ထိုသို့ စစ်ကောင်စီက လက်နက်ကြီးအလုံး (၃၀)ထက်မနည်း ပစ်ခတ်မှုများကြောင့် ရေတွင်းကုန်းကြီးနှင့် ဥသျှစ်ကုန်းကျေးရွာမှ အရပ်သားနေအိမ်(၄)လုံး ထိခိုက်ပျက်စီးခဲ့ရသလို အနီးအနားကျေးရွာများမှ ဒေသခံပြည်သူ (၁၄၀၀)ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်းလည်း ကေအဲန်ယူ၏ ထုတ်ပြန်ချက်နှင့် ဒေသခံများ၏ပြောဆိုမှုအရ သိရသည်။

အမည်မဖော်လိုသူ ဒေသခံအမျိုးသမီးတစ်ဦးက “လက်ရှိ ကျောက်တံခါးဘက်နဲ့ကျွန်းကြီးဘက်မှာလည်း စစ်တပ်ဘက်က အင်အားဖြည့်နေတယ် ကြားတယ်။ တင့်ကားတွေပါ ပို့လာတယ်ပြောတယ်။ စစ်ကြောင်း တော့မထိုးကြသေးဘူး။ လက်နက်ကြီးနဲ့ထုတာကတော့ တစ်ညလုံးပဲ” ဟု ပြောသည်။

အလားတူ KNLA ပူးပေါင်းတပ်များက နတ်သံကွင်းနှင့်အနီးအနားရှိ စစ်ကောင်စီ၏ စခန်း(၅)လုံးအား တစ်ပြိုင် တည်းတိုက်ခိုက်မှုမဖြစ်ပွားခင် ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းက ရေတွင်းကုန်းကြီးကျေးရွာသို့ စစ်ကောင်စီ တပ်များ ကနဦးဝင်ရောက်နေ ထိုင်မှုကြောင့် ရွာလုံးကျွတ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည်။ ဇွန်လ(၂၄)ရက် နေ့တွင်လည်း စစ်ကောင်စီက ပစ်ခတ်လိုက်သော လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ကျောက် တံခါးမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာမှ ဒေသခံ(၄)ဦးသေဆုံးမှု ဖြစ်ပွားခဲ့သေးသည်။

စစ်တပ်အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ၂၀၂၃ခုနှစ် မေလအထိ ညောင်လေးပင်ခရိုင် အတွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် အမျိုးသား၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များ အပါအဝင် အရပ်သားပြည်သူ ၃၈ဦးသေဆုံးခဲ့ပြီး ၆၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူ့အခွင့်အ ရေးအဖွဲ့-KHRG ၏ မှတ်တမ်းပြုစုကောက်ခံချက်အရ သိရသည်။