Home သတင်း ဖားအံမြို့အနီးနားရွာများတွင် ကား၊ဆိုင်ကယ် အခိုးခံရမှု များလာ

ဖားအံမြို့အနီးနားရွာများတွင် ကား၊ဆိုင်ကယ် အခိုးခံရမှု များလာ

1133

ဇူလိုင် ၃ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် ဖားအံမြို့နှင့် အနီးနားရှိ ကျေးရွာများတွင် ယခုတလော ကား၊ ဆိုင်ကယ်အခိုးခံရမှု များလာသည်ဟု ဒေသခံ၏ ပြောဆိုချက်အရ သိရသည်။

ယခု မိုးများသည့်ကာလတွင် ညအချိန်မကဘဲ နေခင်းပိုင်းအထိပါ ဆိုင်ကယ်အခိုးခံရလျက်ရှိကာ ဆိုင်ကယ်ခိုး ယူသူများသည် တစ်ဦးတစ်ယောက်ထဲမဟုတ်ဘဲ အဖွဲ့လိုက်နှင့် လိုက်လံခိုးယူနေကြသည်ဟု ဖားအံမြို့ ဗုဒ္ဓဂယာအနီးကျေးရွာရှိ ဒေသခံ နန်းအေးစံက ပြောသည်။

“ ကျမတို့ရွာမှာ ခဏခဏ အခိုးခံရတယ်။ ဆိုင်ကယ်မကဘဲ ကားတွေလည်း အခိုးခံရတယ်။ တချို့ရက်တွေဆိုရင် တစ်ရက်ထဲ သုံးစီးလေးစီး အဲလိုအခိုးခံတာရှိတယ်။ ပြီးခဲ့တဲ့ရက်တုန်းကတော့ နေ့ခင်းပိုင်းမှာလာခိုးတာ။ အဲဒီဆိုင်ကယ်ကိုကားတင်ပြီး ပြေးမောင်းတာ။ မိုးရွာတဲ့အချိန်ဖြစ်တော့ မိုးရွာတဲ့အသံနဲ့က သူခိုးလာတာ သိပ်မကြားရဘူး။ ”ဟု ကေအိုင်စီသို့ ပြောသည်။

ခိုးယူခြင်းခံရသည့် ကားဆိုင်ကယ်အများစုမှာ ပြန်လည်မရရှိတော့သလို ကားဆိုင်ကယ်များ ပျောက်ဆုံး သော်လည်း ဥပဒေစိုးမိုးမှုမရှိတော့သည့်အတွက် လိုက်လံဖမ်းဆီးပေးမည့်အဖွဲ့များမရှိကြကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။

ဖားအံမြို့အနီးအနားကျေးရွာအပြင် လူအများအပန်းဖြေအလည်အပတ်နေရာများ၊ ဘုရားဖူးသည့်နေရာများ၊ ဆေးရုံဆေးခန်းနှင့် စျေးများတွင်လည်း ကားဆိုင်ကယ် မကြာခဏ အခိုးခံရလျက်ရှိသည်ဟု ဖားအံမြို့ရှိ ဒေသခံတစ်ဦးက ပြောသည်။

၎င်းမြို့ခံက “သူခိုးတွေ အဓိက ပစ်မှတ်ထားတာက အလည်အပတ်နေရာတို့ စျေးတို့တွေမှာလည်း ပစ်မှတ်ထားခိုးတာရှိတယ်။ တချို့ဆိုရင် ဆေးရုံအရှေ့မှာ ကားရပ်ထားတာကို ကားအခိုးခံရတာ ဆိုင်ကယ်အခိုးခံရတာရှိတယ်။ အဲလိုအခိုးခံရပြီးဆိုရင် ပြန်ရဖို့မမျှော်လင့်နဲ့ ဘယ်ရဲ၊ စစ်သားတွေမှ လိုက်မဖမ်းပေးဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ဖားအံမြို့ ရပ်ကွက်များတွင်လည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် လူနေအိမ်များ မကြာခဏ ဖောက်ထွင်းခံရသလို နေအိမ်အတွင်းရှိ ရေစုပ်မော်တာများ၊ မီးစက်၊ အဲယားကွန်းများနှင့် သယ်ဆောင်နိုင်သည့် အိမ်သုံး ပစ္စည်းများကိုပါ ဖြုတ်ယူခိုးသွားခဲ့သည်ဟု ဒေသခံထံမှသိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကုန်စျေးနှုန်းအဆမတန်တက်လာအတွက် လက်လုပ်လက်စားအခြေခံလူ တန်းစားအများစုမှာ စီးပွားရေးကြပ်တည်းလာသလို လောင်းကစားနှင့် မူးယစ်ဆေးဝါး သုံးစွဲမှု ပိုမိုများလ ာသည့် အတွက် ယခုလို သူခိုးများ ပိုမိုများလာရသည့် အကြောင်းအရင်းတစ်ခုဖြစ်သည်ဟု ဒေသခံထံမှသိရသည်။