ဇူလိုင်လ ၁၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ ဖားအံ-သထုံလမ်းပေါ် ဝါးဘိုးတောနှင့်ဘုရင့်ညီ နောင်ဂူကြား ရှိတံတားတစ်စင်း ယနေ့ ဇူလိုင်လ ၁၀ရက်၊ နံနက်အစောပိုင်းတွင် မိုင်းခွဲဖျက်ဆီးခံလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါတံတားမိုင်းခွဲဖျက်ဆီးခံရမှုတွင် တံတားထိခိုက်ပျက်စီးမှုရှိသော်လည်း ဖြတ်သန်း သွားလာ၍ ရသေးကြောင်း နယ်မြေခံတစ်ဦးက ပြောသည်။
၎င်းက “ဝါးဘိုးတောနဲ့ဘုရင့်ညီဂူကြားကတံတားကြီးတစ်စင်းဖျက်ဆီးခံရတယ်။ နည်းနည်းပါးပါးတော့ ပျက်စီးသွားတယ်။ သွားလာလို့တော့ရသေးတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ထိုတံတားမိုင်းခွဲဖျက်ဆီးခံရမှုတွင် အာဏာသိမ်းစစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသော တော်လှန်ရေးအင်အားစုဘက်က လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြပြီး တော်လှန်ရေးအင်အားစုဘက်ကမူ သတင်းထုတ်ပြန်ထားခြင်း တစ်စုံတစ်ရာ မတွေ့ရှိရသေးပေ။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကေအဲန်ယူနယ်မြေတွင် တကျော့ပြန် တိုက်ပွဲများ ပြန်လည်ပြင်း ထန်လာပြီး စစ်ကောင်စီတပ်က မြို့ချင်းဆက်၊ ရွာချင်းဆက် လမ်းများကို ဖျက်ဆီးခြင်း၊ လက်နက်ကြီး များ ရမ်းသမ်းပစ်ခတ်ခြင်းလုပ်ဆောင်နေသလို တော်လှန်ရေးအင်အားစုဘက်မှလည်း စစ်ကောင်စီတပ် ထောက်ပို့လမ်းကြောင်းပေါ်ရှိ တံတားများကို ဖောက်ခွဲဖျက်ဆီးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။




















