Home သတင်း အလုပ်အကိုင်ရရှိရန် အွန်လိုင်းမှ လိမ်လည်ခေါ်ယူသည့်လုပ်ငန်းများ ပိုမိုကျယ်ပြန့်လာ

အလုပ်အကိုင်ရရှိရန် အွန်လိုင်းမှ လိမ်လည်ခေါ်ယူသည့်လုပ်ငန်းများ ပိုမိုကျယ်ပြန့်လာ

1470

ဇူလိုင် ၁၄ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ထိုင်း−မြန်မာနယ်စပ်တစ်လျှောက်ရှိ မြဝတီနှင့် ရွှေကုက္ကိုလ်နယ်မြေရှိ ကာစီနိုရုံများတွင် အလုပ်အကိုင် ရရှိလိုသူများကို အလုပ်ခေါ်သည်ဟုဆိုကာ လူမှုစာမျက်နှာပေါ်တဆင့် လူလိမ်ခေါ်သည့်လုပ်ငန်းများ ပိုမိုများပြားလာ ကြောင်း မြဝတီမြို့ခံများ၏ ပြောပြချက်အရ သိရသည်။

ယခင်က အဆိုပါလုပ်ငန်းများတွင် အလုပ်ရရန် နီးစပ်ရာဖြင့် ခေါ်ယူမှုများသာ လုပ်ဆောင်ခဲ့သော်လည်း လက်ရှိတွင် လူမှုစာမျက်နှာပေါ်၌ မြဝတီမြို့ အလုပ်အကိုင်ရှာဖွေရေး၊ ရွှေကုက္ကိုလ် အလုပ်အကိုင်ရှာဖွေရေး စသည်ဖြင့် လူမှုစာ မျက်နှာများမှတဆင့် တရုတ်ဘာသာစကားနှင့် ကွန်ပျူတာသင်တန်းဟု ခေါင်းစဉ်တပ်ကာ လိမ်ညာခေါ်ယူသည့်အလုပ် ပိုမိုများပြားလာကြောင်း မြို့ခံတစ်ဦးက ယခုလို ပြောသည်။

“အရင်ကဆိုရင် လူခေါ်တဲ့အလုပ်တွေက ဘယ်သူမှမသိဘူး။ ခိုးကြောင်ခိုးဝှက်ပဲ လုပ်ရတယ်။ အခုဆိုရင် လိုင်းပေါ်က အလုပ်အကိုင်ရှာဖွေရေး Group တွေမှာ ကာစီနိုမှာလုပ်ဖို့ လူခေါ်တဲ့ လူလိမ်အကောင့်တွေ အများကြီးပေါ်လာတယ်။ တချို့တွေကတော့ ယုံကြပြီးသွားတာရှိသလို မယုံလို့ မသွားကြတာလည်းရှိတယ်။ မြဝတီမှာက လောင်းကစားရုံတွေက များတော့ ကြားနေရတယ်။ လိုင်းပေါ်ကခေါ်ပြီးရင် နယ်ဝေးကဆိုရင် သူတို့ ကားဂိတ်အထိ လာကြိုပေးတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ယင်းသို့ အွန်လိုင်းမှတဆင့် အလုပ်အကိုင် ရှာဖွေပေးရာတွင် လုပ်ကိုင်ရမည့် လုပ်ငန်းအမျိုးအစားနှင့် လစာငွေနှုန်း ထားများကို လာရောက်ဆက်သွယ်သူများအား ရှင်းလင်းပြောပြသော်လည်း တကယ့်လက်တွေ့တွင် ပြောဆိုထားသည့် လုပ်ငန်းအမျိုးအစားနှင့်မတူဘဲ မကောင်းသည့်လုပ်ငန်းများတွင် အသုံးချခိုင်းစေကြကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူ အမျိုးသမီးငယ်တစ်ဦးက ဆိုသည်။

“အွန်လိုင်းလူခေါ်ရမယ်။ အနောက်ကနေထိုင်ပြီး ကွန်ပြူတာကိုင်ရမယ်တဲ့။ သင်တန်း ၃လတက်ဖို့က ၃သိန်းတောင်း တယ်။ အလုပ်ရတာနဲ့ ဝင်ဝင်ချင်း တစ်လ ဘတ် ၁၅၀၀၀ ရမယ်။ အပြင်တွေတော့ ပေးမထွက်ဘူး။ ထွက်မယ်ဆိုရင် လည်း အနောက်ကနေ BGF တွေ လိုက်တယ်။ လိုင်းပေါ်မှာပြောတာက ငါးရုံတွေမှာ ပိုက်ဆံဝေရမယ်။ တကယ်လက် တွေ့ကျတော့ ပြောသလို မဟုတ်ဘူး။ ကွန်ပြူတာမကိုင်ရဘဲနဲ့ တခြားမကောင်းတဲ့အလုပ်တွေ လုပ်ခိုင်းတာလည်းရှိ တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ အလုပ်ခေါ်ယူသည့် လူမှုစာမျက်နှာများကို ဆက်သွယ်မေးမြန်းရာတွင်လည်း သင်တန်းများ၊ အလုပ်အကိုင်ရရှိ နိုင်မည့်နည်းလမ်းများ၊ လစာငွေရရှိမည့်နှုန်းထားများနှင့်ပတ်သက်၍ ဖုန်းလက်ခံဖြေဆိုသူ အမျိုးသမီးတစ်ဦးက ယခုလို ရှင်းပြသည်။

“သင်တန်းစတက်ပြီးတဲ့အချိန်ကနေ အလုပ်ရတဲ့အထိ ၃သိန်းပေးရမယ်။ သင်တန်းကတော့ အများဆုံးမှ ၁လပဲ တက်ရ တယ်။ တက်မယ်ဆိုရင် ဘာမှမလိုအပ်ပါဘူး။ လူနဲ့ဖုန်းနဲ့ပဲ ပါရင်ရပြီး။ အလုပ်ကတော့ နိုင်ငံခြားကလူတွေကို APP (application) တွေသုံးပြီး ရှာပေးရတာပေါ့။ အဲ့ဒါတွေကိုလည်း ကုမ္ပဏီမှာအလုပ်လုပ်သလိုပဲ သင်တန်းမှာ တစ်ခါထဲ သင်ပေးလိုက်တယ်။ သင်တန်းကြေးနဲ့ အဆောင်နဲ့ဆိုရင် ၃သိန်းခွဲပေါ့။ အလုပ်မှာက နေ့စားငြိမ်း စီစဉ်ပေးတယ်။ လူက တော့ အကန့်အသတ်မရှိ လက်ခံတယ်။ လစာက အနိမ့်ဆုံးကို ၁၀သိန်းပေးတယ်။ ရက်မှန်ကြေး ရှိတယ်။ မုန့်ဖိုးရှိ တယ်။”ဟု ပြောသည်။

၎င်းအွန်လိုင်းကာစီနိုလုပ်ငန်းများသည် ပြည်ပနိုင်ငံအသီးသီးရှိ နိုင်ငံခြားသားများထံမှ ငွေလိမ်ရခြင်း၊ ကာစီနိုလုပ်ငန်း ကို စိတ်ဝင်စားပြီး ငွေရှယ်ယာသွင်းရန် ဆွဲဆောင်ရခြင်း၊ လုပ်ငန်းအတွင်းသို့ လာရောက်လုပ်ကိုင်ရန် အမျိုးသမီးများကို လိမ်လည်ခေါ်ယူရခြင်းအပြင် အမျိုးသမီးများအနေဖြင့် Sex Chat လုပ်ငန်းများကိုပါ လုပ်ကိုင်ကြရကြောင်း အဆိုပါ အမျိုးသမီးငယ်က ဆက်ပြောသည်။

လက်ရှိတွင် အဆိုပါလောင်းကစားရုံများရှိရာ မြဝတီမြို့မြောက်ဘက်ရှိ နယ်ခြားစောင့်တပ် (BGF)များ ထိန်းချုပ်သည့် ရွှေကုက္ကိုလ်ဒေသနှင့် မြဝတီမြို့အနီးရှိ အင်ကြင်းမြိုင်ဒေသများကို ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီးအပြင် WIFI အင်တာ နက်လိုင်းများကိုပါ ဖြတ်တောက်လိုက်ခြင်းကြောင့် ကာစီနိုလောင်းကစားရုံလုပ်ငန်းနှင့် အွန်လိုင်းလူခေါ်လုပ်ငန်းများ ရပ်နားထားရသဖြင့် ဝန်ထမ်း ၆၀ကျော်လည်း အလုပ်ပြုတ်သွားခဲ့သေးကြောင်း ၎င်းလုပ်ငန်းနှင့်နီးစပ်သူများထံမှ သိရ သည်။