Home သတင်း မော်တော်ယာဉ်များပေါ်တွင် စစ်တပ်နှင့်သက်ဆိုင်သည့်အရာများ တင်ဆောင်ခြင်းမပြုရန် KNU ထုတ်ပြန်

မော်တော်ယာဉ်များပေါ်တွင် စစ်တပ်နှင့်သက်ဆိုင်သည့်အရာများ တင်ဆောင်ခြင်းမပြုရန် KNU ထုတ်ပြန်

891

ဇွန်လ ၁၁ ရက်၊၂၀၂၃ခုနှစ်။ကေအိုင်စီ

မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ထားဝယ်၊ ဘိတ် အမှတ်(၈) ကားလမ်းမ ကြီးတစ်လျှောက်တွင် သွားလာနေသော မော်တော်ယာဉ်များ အနေဖြင့် စစ်ကောင်စီနှင့်ပက်သက်သည့်အရာများ ကိုတင်ဆောင်ခြင်းမပြုကြရန် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးတပ်မဟာ (၆) တပ်ရင်း(၂၇)ဌာနချုပ်က ဇွန်လ (၁၀)ရက်နေ့တွင် အမိန့်ထုတ်ပြန်လိုက်သည်။

ယခု ဇွန်လ ၁၅ရက်နေ့မှ စတင်ကာ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ထားဝယ်၊ ဘိတ် အမှတ်(၈) ကားလမ်းမကြီးတစ်လျှောက်တွင်သွားလာနေသော မော်တော်ယာဉ်များအနေဖြင့် KNU တပ်ရင်း-၂၇ မှ တပ်ဖွဲ့ဝင်များ စစ်ဆေးရန်အတွက် ခေါ်ယူရပ်တန့်သည့်အခါ မော်တော်ယာဉ်များကို ကြည်ဖြူစွာ ရပ်တန့်ပေးရမည်ဟု ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

ထို့အပြင် မော်တော်ယာဉ်ပေါ်တွင် စစ်ကောင်စီနှင့် သက်ဆိုင်သည့် လူ၊ ရုပ်ဝတ္ထုပစ္စည်းများကို တင် ဆောင်ခြင်းမပြုကြရန်၊ ခရီးသွားပြည်သူလူထုများအနေဖြင့် စစ်ကောင်စီယာဉ်များနှင့် အတူစီးနင်း လိုက်ပါခြင်း မပြုကြရန်နှင့် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ စစ်ဆေးပါက ကြည်ဖြူစွာ စစ်ဆေးခံရန် ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

လက်ရှိအချိန်တွင်လည်း ၎င်းတို့တပ်ဖွဲ့ဝင်များ အနေဖြင့် အမှတ်(၈)လမ်းမကြီးတစ်လျှောက်တွင် စစ်ရေး လှုပ်ရှား ထိန်းချုပ်မှုများ လုပ်ဆောင်နေပြီးဖြစ်သည့်အတွက် ပြည်သူများအား ထိခိုက်နစ်နာမှုများ မဖြစ်ပေါ်စေရန်အတွက် အမိန့်ထုတ်ပြန်ရခြင်းဖြစ်ကြောင်းလည်း ပြောဆိုထားသည်။

ထိုအမိန့်ထုတ်ပြန်ချက်အား လိုက်နာခြင်းမရှိဘဲ တစ်စုံတစ်ရာ ဖောက်ဖျက်ခြင်းကြောင့် ဖြစ်ပေါ် လာနိုင်သည့် မည်သည့်ကိစ္စမဆို ၎င်းတို့အနေဖြင့် တာဝန်ယူမည်မဟုတ်ကြောင်းလည်း KNLA တပ်ရင်း ၂၇ ၏ ထုတ်ပြန်ချက်တွင် ပြောဆိုသည်။