ဇွန်လ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့၊ မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ဖွင့်လှစ်ထားသော တက်တူး (tattoo) ဆိုင်များကို ပိတ်သိမ်းပေးရန် စစ်ကောင်စီ၏ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဇွန်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်ဟု သိရသည်။
မြဝတီမြို့အတွင်း ဖွင့်လှစ်ထားသော တက်တူး(tattoo)ဆိုင်များကို ယခုဇွန်လ ၁၀ ရက်နေ့မှ စတင်ကာ ပိတ်သိမ်းသွားရမှာဖြစ်ခြင်းကြောင့် တက်တူး(tattoo)ဆိုင်ဖွင့်ထားသော သူများအနေဖြင့် အခက်တွေ့နေရကြောင်း အမည်မဖော်လိုသူ တက်တူးထိုးဆရာတစ်ဦးက ပြောသည်။
၎င်းက “အခြေနေကဘယ်လိုလဲဆိုတော့ ဆိုင်းဘုတ်တွေဖြုတ်ခိုင်းတာလို့တော့ ပြောတယ်။ နောက်ပြီး ကျတော့ ကျနော်တို့အဓိကပစ်မှတ်ကတော့ စားပေါက်ပေါ့ဗျာ။ လုပ်ငန်းလိုင်စင်ပုံစံမျိုး အဲ့လိုမျိုး တွေလုပ်ခိုင်းတာပေါ့။ ပြီးရင်တစ်လဘယ်လောက်သွင်းရမယ်ပေါ့။ အဲ့လိုပုံစံမျိုး။ ဒီလိုထုတ် ပြန်တာကို မသိသေးတဲ့သူတွေတောင်ရှိတယ်။ တရားဝင်ထုတ်ပြန်တယ်ပြောပေမဲ့ဘယ်က ထုတ်ပြန်လည်းဆိုတာ မသိတဲ့သူမှအများကြီး။”ဟု ပြောသည်။
ထို့အပြင် ထုတ်ပြန်ချက်ပါ အကြောင်းအရာများကို လိုက်နာဆောင်ရွက်ခြင်းမ ရှိပါက ကရင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့များ ဥပဒေအရ အရေးယူဆောင်ရွက်ခြင်းများပြုလုပ်သွားမည်ဖြစ်သောကြောင့် တက်တူးလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် ဆိုင်ရှိဆိုင်းဘုတ်များကို ဖြုတ်သိမ်းပြီး ခေတ္တခဏ ပိတ်ထားရကြောင်း အမည်မဖော်လိုသူ အခြားတက်တူးဆရာတစ်ဦးက ပြောသည်။

“စာထုတ်ပြန်ထားတော့ ဆိုင်တောင်ခဏပိတ်ထားရတယ်ပေါ့။ နားထားရတယ်။ အခြေနေ တော်တော်ဆိုးတယ်။ ဘယ်လိုတွေကြောင့်လည်း မသိဘာဘူး။ ကျနော်တို့နဲ့ ဘာမှမသက်ဆိုင်ဘဲနဲ့။ ဘာကိုမလည်းမဆက်သွယ်ဘဲနဲ့။ ဒီကရုံးဝန်ထမ်းသူငယ်ချင်းတွေကို မေးကြည့်တော့လည်း ဟုတ်တယ်တဲ့ ။ အပြင်လူမပြောနဲ့ရုံးကလူတောင် တနေ့တနေ့ ဘာစာတွေ ထုတ်နေရမှန်းလည်းမသိဘူးတဲ့။” ဟု ၎င်းက ကေအိုင်စီ သို့ပြောသည်။
မြဝတီမြို့တွင် တက်တူး(tattoo)လုပ်ငန်းကို လူငယ်အများစုသည် ဝါသနာကိုအရင်းခံကာ အသက်မွေးဝမ်းကျောင်း အနေဖြင့်လုပ်ကိုင်ကြပြီး အဆိုပါထုတ်ပြန်ချက်သည်အာဏာသိမ်း စစ်ကောင်စီ လက်အောက်တွင် ပထမဆုံးအကြိမ် ထုတ်ပြန်ချက်ဖြစ်ကြောင်း ဒေသတွင်းသတင်း အရင်းအမြစ်များ၏ ပြောစကားအရ သိရသည်။



















