Home သတင်း သထုံတွင် စစ်ကောင်စီတပ်ရင်းနှစ်ခုတိုက်ခိုက်ခံရ၍ ၅ ဦးသေဆုံး၊ တပ်ရင်းမှူးအပါအဝင် ၄ ဦးဒဏ်ရာရ

သထုံတွင် စစ်ကောင်စီတပ်ရင်းနှစ်ခုတိုက်ခိုက်ခံရ၍ ၅ ဦးသေဆုံး၊ တပ်ရင်းမှူးအပါအဝင် ၄ ဦးဒဏ်ရာရ

1137
Photo-Crd

ဇွန်လ(၁၁)ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ တပ်မဟာ(၁)ထိန်းချုပ်နယ်မြေ၊ သထုံခရိုင်၊ သထုံမြို့အခြေစိုက် အမြှောက်တပ်-အမတ (၄၀၂)နှင့် ခြေမြန်တပ်ရင်း -ခမရ(၁)တို့အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် ဇွန်လ(၇)ရက်နံနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် စစ် ကောင်စီတပ်ဖွဲ့ဝင် ငါးဦး သေဆုံး၍ တပ်ရင်းမှူးတစ်ဦးအပါအဝင် လေးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကေအဲန်ယူ သတင်းအရင်းအမြစ်များထံမှ သိရသည်။

ထိုနေ့နံနက် ၆ နာရီဝန်းကျင်ခန့်က KNLA နှင့်ပူးပေါင်းတပ်ဖွဲ့ဝင်များဖြစ်သော သထုံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၊ ဘီးလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသခံ တော်လှန်ရေး တပ်ဖွဲ့ဝင် များအပါအဝင် ဒရုန်းတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ရင်း အမတ(၄၀၂)မှ တပ်ဖွဲ့ဝင် ငါးဦးသေဆုံးခဲ့သလို တပ်ရင်း ခမရ(၁)မှ တပ်ဖွဲ့ဝင် သုံးဦးနှင့် အသစ်ပြောင်းရွှေ့လာသော တပ်ရင်းမှူးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူ သထုံခရိုင်မိတ်ဖက်‌ရေးရာ ကြီးကြပ် ကွပ်ကဲမှုကော်မတီဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်က ပြောသည်။

“အဲဒီတပ်ရင်းမှူးပြောင်းလာပြီးကတည်းက အနီးအနားကရွာတွေကို နေ့တိုင်းလက်နက်ကြီးနဲ့ပစ်လို့ ရွာသားတချို့ထိခိုက်မှုရှိတာကြောင့် တော်လှန်ရေးအင်အားစုက တုံ့ပြန်ပစ်ခတ်တာပါ။ လက်ရှိ သူ့ဒဏ် ရာပြင်းထန်လို့ နေပြည်တော်ဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်လို့ သိရတယ်။” ဟု ၎င်းက ယမန်နေ့ တွင် ကေအိုင်စီသို့ပြောသည်။

‌ထို့အတူ ပစ်ခတ်မှုအတွင်း ပူးပေါင်းတပ်များဘက်မှ ထိခိုက်ကျဆုံးမှုမရှိကြောင်း ကေအဲန်ယူ သတင်းအရင်းအမြစ်များဘက်က ပြောသည်။

ထို့နောက် နံနက် ဆယ်နာရီဝန်းကျင်တွင် ခမရ(၁)မှ လက်နက်ကြီး ကိုးလုံးဖြင့် သထုံမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ပစ်ခတ်ခဲ့ရာ ညာထားဝယ်၊ ဓါးရိုးနှင့်ကျုံမိန်ရွာများသို့ ကျရောက်ပေါက်ကွဲသဖြင့် ဒေသခံနေအိမ်ထိခိုက်ပျက်စီးခြင်းများ ရှိခဲ့ကြောင်း နယ်မြေတာဝန်ရှိသူတစ်ဦးကလည်း ပြောသည်။

“ညားထားဝယ်ရွာမှာ လက်နက်ကြီး ၄ လုံး၊ ဓါးရိုးရွာမှာက ၃လုံး၊ ကျုံမိန်မှာ ၂ လုံး ပေါက်ကွဲတယ်။ ဓါးရိုးရွာက ဦးတင်အေးအိမ် ကျည်စထိတယ်။ နေအိမ်တချို့နဲ့ စိုက်ပျိုးသီးနှံတွေ ထိခိုက် ပျက်စီး တာလည်းရှိတယ်။” ဟု အဆိုပါ နယ်မြေတာဝန်ရှိသူက ဆိုသည်။

၎င်းအပြင် ယမန်နေ့ ဇွန်လ(၉)ရက်နေ့ ညပိုင်းက အင်အားအများအပြားနှင့် စစ်ကောင်စီတပ်များသည် ကျိုက်ကော်၊ ထုံးဖိုကြီး၊ ထုံးဖိုလေး၊ ဝင်းတာပန်နှင့် လေးကေ အစရှိသောကျေးရွာများမှ ဒေသခံပြည် သူများ ကုန်ကူးသန်းရောင်းဝယ်ရေးအတွက် အသုံးများသော ဝီယော်စခန်းအနီးရှိ သိမ်ဆိပ်-လေးကေ လမ်းပိုင်းအား ဖျက်ဆီးခဲ့ခြင်းကြောင့် ဒေသခံများ သွားလာရေးအခက်ကြုံနေရကြောင်း သထုံမြို့ခံများထံမှ သိရသည်။

အလားတူ ပြီးခဲ့သည့် ဇွန်လ(၁)ရက်နေ့တွင်လည်း ဖားအံနှင့်သထုံမြို့နယ်အစပ် ဒူးရင်းဆိပ်ရွာရှိ ဒုံသမိချောင်းတံတားရှိ စစ်‌ကောင်စီ၏ စစ်ဆေးရေးဂိတ်နှစ်ခုအား KNLA ပူးပေါင်းတပ်ဖွဲ့များက တပြိုင်တည်းပစ်ခတ်တိုက်ခိုက်ခဲ့‌သလို စစ်ကူလာသော စစ်ကောင်စီလက်အောက်ခံတပ်များကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စုစုပေါင်း(၄၅)ဦးသေဆုံး၍ (၁၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သထုံခရိုင် အမှတ်-၁ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုက ဇွန်လ(၃)ရက်နေ့တွင် ထုတ်ပြန်ထားသည်။