Home သတင်း နယ်စပ်ထိုင်းလျှပ်စစ်မီး မြန်မာဘက်က ကာစီနို မြို့သစ်၂ ခု မီးဖြတ်ထားသော်လည်း ကျန်ကာစီနို နေရာ များ မီးဖြတ်တောက်မခံရသေး

နယ်စပ်ထိုင်းလျှပ်စစ်မီး မြန်မာဘက်က ကာစီနို မြို့သစ်၂ ခု မီးဖြတ်ထားသော်လည်း ကျန်ကာစီနို နေရာ များ မီးဖြတ်တောက်မခံရသေး

887
photo-crd

ဇွန်လ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် မြန်မာဘက်အခြမ်း မြဝတီမြို့နယ်အတွင်းရှိ တရုတ်ကာစီနို မြို့သစ်စီမံကိန်းနေရာ ၂ ခုကို ထိုင်းလျှပ်စစ်မီးဖြတ်တောက်ထားသော်လည်း ကျန်ရှိကာစီနိုလောင်းကစားရုံနေရာ ၁၀ ခု ကျော် ခန့်အား ထိုင်းလျှပ်စစ်မီး ဖြတ်တောက်ခံရမှုမရှိသေးကြောင်း တရုတ်ကာစီနိုရုံများအနီး နေထိုင်သည့် ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၆ ရက်၊ ည ၁၂ နာရီတွင် မြဝတီမြို့ မြောက်ဘက်ရှိ ရွှေကုက္ကိုလ်ကာစီနိုမြို့သစ် စီမံ ကိန်းနှင့် မြဝတီမြို့တောင်ဘက်ရှိ မယ်ထော်သလေး ကာစီနိုမြို့သစ် စီမံကိန်းနေရာများကို ထိုင်းနိုင်ငံ က ပို့လွှတ်ထားသည့် လျှပ်စစ်ဓာတ်အား ရောင်းချမှုကို ဖြတ်တောက်လိုက်သော်လည်း မြဝတီမြို့ ဒေသအ တွင်းရှိ တရုတ်ကာစီနိုလုပ်ငန်းနေရာများဘက်တွင် လျှပ်စစ်မီး မဖြတ်သေးဘဲ ဆက်လက် လုပ်ဆောင်နေကြောင်း မယ်ထော်သလေး ဒေသခံတစ်ဦးက ပြောသည်။

“အခုက မယ်ထော်သလေးနဲ့ ရွှေကုက္ကိုလ်ပဲ မီးဖြတ်တာ၊ ကျောက်ခက်၊ ဆုံဆည်းမြိုင်၊ ဝေါလေ၊ ဘုရား သုံးဆူဘက်က DKBA ကာစီနိုတွေ မဖြတ်သေးဘူး။ မြဝတီသောင်ရင်းမြစ်ဘေးက BGF ကာစီနိုတွေ လည်း မီးမဖြတ်သေးဘူး။ အေးဆေးပဲ မီးလင်းနေတယ်။ တိုက်ပွဲတွေ ဖြစ်နေတာတောင် အေးဆေးပဲ၊

ညဆို တရုတ်တွေ၊ ထိုင်းတွေအဝင်အထွက်ရှိနေတာပဲ၊ အဲ့တရုတ်ကာစီနိုတွေဘက်ကို လက်နက် ကြီးကျတာ၊ ဒရုန်းဗုံးကြဲတာ၊ လေယာဥ် ဗုံးကြဲတာ တစ်ခါမှမကြားဖူးဘူးလေ၊ အပစ်အခတ်ကတော့ ဆက်ပစ်နေကြတာပဲ” ဟု မယ်ထော်သလေး ဒေသခံက ပြောသည်။

ယခုရက်ပိုင်းအတွင်း မယ်ထော်သလေး ကျေးရွာအထက်ဘက် လက်ခတ်တောင်၊ ကျောက်တောင်ကုန်း၊ ကျောက်မိုင်းကုန်းများဘက် KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်တပ်စစ်ကြောင်းတို့အကြား တိုက်ပွဲ ဖြစ်နေမှုမှာ ဧပြီလ၊ မေလနှင့် ယခုဇွန်လအထိ ၂ လကျော်ကာလရှိပြီဖြစ်ကြောင်း သိရသည်။

ထိုင်း-မြန်မာနယ်စပ် မြဝတီ၊ ရွှေကုက္ကိုလ်၊ ကျောက်ခက်၊ ဝေါလေဒေသကျေးရွာများအား ထိုင်း လျှပ်စစ်မီး သုံးစွဲသူများရှိသလို မြန်မာလျှပ်စစ်ဓာတ်အား သုံးစွဲမှုရရှိသည့် ဒေသကျေးရွာများရှိ သော်လည်း ၂ ဖက်တိုက်ပွဲများကြောင့် မြန်မာလျှပ်စစ်မီးတိုင်များ ပျက်စီးနေသည့်ကိစ္စအား ပြုပြင်နေဆဲ အခြေအနေဖြစ်သည့်အတွက် ကျေးရွာအချို့ လျှပ်စစ်မီးမရသည်မှာ ၆ လကျော် ကြာမြင့်နေပြီ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“မြန်မာမီးက မြဝတီ၊ သင်္ဃန်းညီနောင်၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ သုံးဆူ၊ ကျုံဒိုး ဘက်တွေ မီးပြတ်နေတာ ၆ လ ၇ လလောက် ရှိပြီ၊ မီးစက်တို့ ဆိုလာပြားတို့နဲ့ပဲ နေနေရတယ်။ တိုက်ပွဲကလည်း စစ်တပ်အလုံးကြီးပစ်တာကိုပဲ ရှောင်နေနေရတယ်။ နေ့ဘက် အခြေအနေကြည့် ခြံအလုပ်လုပ်၊ ညဘက် ရှောင်အိပ်ကြပုံစံနဲ့ နေနေကြတာ ကြာနေပြီ”ဟု ကျုံဒိုး ဒေသခံတစ်ဦးက ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ ဒေသရှိ ကာစီနို မြို့သစ်စီမံကိန်းများကို နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ တိုက်ဖျက်ရေး အစီအစဥ်အရ တရုတ်၊ ထိုင်း၊ မြန်မာပူးတွဲ အကောင်အထည်ဖော်ဆောင်ကာ အရေးယူမှု များလုပ်ဆောင်မည်ဟု သတင်းများထွက်ပေါ်နေပြီး ထိုင်းနယ်ခြားစောင့်တပ်များ အနေဖြင့် ကင်းပတ် စစ်ဆေးစောင့်ကြည့်မှုများ လုပ်ဆောင်နေကြောင်းထိုင်းသတင်းများအရ သိရသည်။

လက်ရှိ အချိန်တွင် အဆိုပါ မြို့သစ်စီမံကိန်း ၂ ခု လျှပ်စစ်မီးဖြတ်တောက်သည့် ကိစ္စပြီးသည့်နောက်ပိုင်း ကျန်ရှိ တရုတ်ကာစီနိုလုပ်ငန်းများအပေါ် နှစ်နိုင်ငံနယ်စပ်အဖွဲ့အစည်းများ ဆက်လက်အရေးယူ ဆောင် ရွက်ခြင်းမျိုး မတွေ့ရသေးကြောင်း မြဝတီဒေသခံများ ပြောစကားအရ သိရသည်။