Home သတင်း သံတောင်တွင် စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်သွားသော လူငယ်(၂)ဦး တစ်ပတ်ကြာသည်အထိ ပြန်မလွတ်သေး

သံတောင်တွင် စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်သွားသော လူငယ်(၂)ဦး တစ်ပတ်ကြာသည်အထိ ပြန်မလွတ်သေး

694
Photo-CJ

ဇွန်လ ၁၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၂)ထိန်းချုပ်နယ်မြေ၊ တောင်ငူခရိုင်၊ သံတောင် ကြီးမြို့နယ် (၁၃)မိုင်၊ စိုက်ပျိုးရေးတံတားတွင် ပြီးခဲ့သည့် ဇွန်လ(၅)ရက်နေ့က စစ်ကောင်စီ တပ်များ ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံလိုက်ရသော အမျိုးသားလူငယ်(၂)ဦး တစ်ပတ်ကြာသည်အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း သံတောင်မြို့ခံများကပြောသည်။

ထိုနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်များသည် သံတောင်မြို့သစ် (၁၃)မိုင် စိုက်ပျိုးရေး တံတားမှဖြတ်သန်းသွားလာသော ကျွဲဖြူတောင်ကျေးရွာမှဒေသခံ(၇)ယောက်၏ ဖုန်းများကို စစ်ဆေးပြီးနောက် (၅)ဦးကို ပြန်လွှတ်ပေးလိုက်သော်လည်း အသက်(၂၀)နှစ်နှင့် (၂၂)နှစ်အရွယ် အမျိုးသားနှစ်ဦးကိုမူ ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အထိပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းက “ဘယ်ကိုဖမ်းခေါ်သွားတာလဲတော့မသိဘူး၊ ရွာသားတွေက တောင်ပေါ်ကနေဆင်းလာကြတာ ဖုန်းစစ်တော့ နိုင်ငံရေးနဲ့ပတ်သက်တာတွေ လူမှုကွန်ရက်ပေါ်မှာရှယ်လို့ဆိုပြီး ဖမ်းသွားတယ်။ ကြိုးတွေနဲ့တုပ်ပြီးရိုက်တယ်။ ပြန်လွှတ်ပေးလိုက်တဲ့သူတချို့ရဲ့မျက်နှာတွေဆိုလည်း ခြေထောက်နဲ့ အကန်ခံထားရလို့ ညိုမဲစွဲကုန်တယ်။” ဟု ကေအိုင်စီသို့ပြောသည်။

ယခင်က သံတောင်မြို့(၁၃)မိုင်တွင် ဒေသခံများ ယခုလို ဖမ်းဆီးထိန်းသိမ်းခြင်းခံရသည့်အခါ နယ်မြေခံ ဘာသာရေးဆရာတော်များနှင့် ရပ်မိရပ်ဖများက စစ်ကောင်စီနှင့်လိုက်လံညှိနှိုင်း၍ ရသော်လည်း ပြီးခဲ့သည့်မေလအတွင်းမှစ၍ ပစ်ခတ်မှုများပြန်လည်ပြင်းထန်လာပြီးနောက်ပိုင်း ညှိနှိုင်းမှုလုပ်ဆောင်ရ အဆင်မပြေတော့ကြောင်း မြို့ခံအမျိုးသမီးတစ်ဦးကလည်း ယခုလိုပြောသည်။

“အခုနောက်ပိုင်းက ဖုန်းစစ်ပြီးတော့ သံသယဖြစ်စရာတွေ့ရင် စစ်တပ်က ဖမ်းခေါ်သွားကြတာ အဖြစ်များနေတယ်။ ဖမ်းခံရတဲ့လူငယ်နှစ်ယောက်မှာ တစ်ယောက်က မိပြီးမှထွက်ပြေးလို့ ပြန်အဖမ်းခံရတာ၊ သံတောင်ကြီးဘက်က လိုက်ညှိပေးတဲ့တစ်ယောက်လည်း စစ်တပ်နဲ့ တတ်နိုင်သလောက်သွားညှိနှိုင်းတယ်။ ဒါပေမဲ့ ဘယ်လိုပြောပြော အဲ့လူငယ်နှစ်ယောက်ကို ပြန်မလွှတ်ပေးလာဘူး။” ဟု အဆိုပါအမျိုးသမီးက ရှင်းပြပြောဆိုသည်။

အလားတူ ပြီးခဲ့သည့် မေလ(၁၉)ရက်နေ့ကလည်း သံတောင်မြို့ရပ်ကွက်(၁)တွင်နေထိုင်သော အသက်(၂၀)နှစ်မှ(၄၀)နှစ်အရွယ်ကြားရှိ ဒေသခံအမျိုးသား(၇)ဦးအား စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF ဟု စွပ်စွဲကာ အင်အားသုံးဖမ်းဆီးခေါ်ဆောင်သွားပြီး ဘာသာရေးဆရာတော်များ၏ညှိနှိုင်းပေးမှုကြောင့် ထိုနေ့ညပိုင်းက ပြန်လွှတ်ပေးခဲ့သည်။

ထို့အတူ တောင်ငူ-သံတောင်လမ်း၊ လိပ်သိုလမ်းတစ်လျှောက်ရှိ စစ်ကောင်စီဂိတ်စခန်းတွင် ယခင် ဧပြီလနောက်ဆုံးအပတ်မှစ၍ ဖြတ်သန်းသွားလာသော ဒေသခံများသို့ စစ်ဆေးရေးများ ပိုမိုတင်းကြပ်လုပ်ဆောင်နေသလို နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့များ ရိက္ခာမရရှိစေရန် မတ်လမှ စတင်၍ ဆန်နှင့်ဆေးဝါးသယ်ဆောင်ခွင့်ကို ကန့်သတ်စစ်ဆေးနေသောကြောင့် မြို့နယ်အတွင်းရှိ စစ်ရှောင်လူထုများနှင့်ဒေသခံများ စားနပ်ရိက္ခာဝယ်ယူရရှိမှု အခက်အခဲတွေ့လာရကြောင်း သိရသည်။