Home သတင်း နဘူးဒေသခံတစ်ဦး မိုင်းနင်းမိ၍ ပြင်းထန်ဒဏ်ရာရ

နဘူးဒေသခံတစ်ဦး မိုင်းနင်းမိ၍ ပြင်းထန်ဒဏ်ရာရ

956
Photo-KIC

ဇွန်လ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်၊ နဘူးမြို့နယ်၊ ရန်ကုတ်ကျေးရွာအုပ်စု ဇော်ဟဲကျေးရွာတွင် နေထိုင်သူ အသက် (၄၀) နှစ်အရွယ်ရှိ စော‌ကျော်ဒါးဘိုဆိုသူသည် ဇွန်လ ၁၃ ရက်နေ့ ညနေပိုင်း (၃)နာရီကျော်အချိန်တွင် ကော့ကရိတ်-မြဝတီလမ်းဟောင်း ဒေါင်းကျယ်စေတီဘေးရှိ ဝါကလုကျိုးနေရာတွင် မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း နီးစပ်သည့် ဒေသခံများအထံမှ သိရသည်။

စောကျော်ဒါးဘိုသည် မိသားစု စားဝတ်နေရေးအတွက် ဒညင်းသီး၊ သစ်ချသီးရှာဖွေရန် တောင်ပေါ်သို့ သွားရောက်ရာတွင် မည်သည့် အဖွဲ့ကထောင်ထားမှန်းမသိရသည့် မြေမြှုပ်မိုင်းနင်းမိပြီး ညာဘက်ခြေထောက်‌အရိုးကြေကာ ဒဏ်ရာပြင်းထန်ပြီး အသက်အန္တရာယ် စိုးရိမ်ရကြောင်း KNU၏ နဘူးမြို့နယ် တာဝန်ရှိသူတစ်ဦးက ယခုလိုပြောသည်။

” မိသားစုစားဝတ်နေရေးအဆင်မပြေလို့ ရှာဖွေ စားသောက်နေရတယ်။ အဲလိုနဲ့ မိုင်းနင်းမိတယ် ခြေထောက်တစ်ဖက်နဲ့ ပြန် လာတယ်။ ဘယ်သူထောင်ထားတယ် မသိဘူး။ သူ့ကို ရွာထဲက အဒေါ်တစ်ယောက်တွေ့လို့ ရွာသားတွေကိုအကူအညီ ပြန် တောင်းပြီး ဆေးရုံ‌ဆေးခန်း ပို့ရတယ်”ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

၎င်း မိုင်းနင်းမိရာ နေရသည့် ရွာနှင့် ၂ နာရီကြာလမ်းလျှောက်ရသည့် နေရာတွင်ရှိပြီး မိုင်းနင်းမိပြီးနောက် စောကျော် ဒါးဘိုသည် ရွာစပ်နားအထိ ရောက်အောင်ပြန်လာခဲ့ပြီးနောက် ဒေသခံအမျိုးသမီးကြီးတစ်ဦးတွေ့ရှိ၍ ဒေသခံရွာသားများ၏ အကူအညီဖြင့် ပိုင်ကျုံမြို့နယ်ရှိ နော်သခီးကျေးရွာ ဆေးခန်းသို့ ကူညီပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ နော်သခီးဆေးခန်းတွင် ဆေးကုသမှု ခံယူနေစဉ် သွေးလိုအပ်မှုရှိသောကြောင့် ဒေသခံလူငယ်တစ်ဦးမှ သွေးလှူပေး မည့်သူကို ကူညီရှာဖွေပေးခဲ့ပြီး လက်ရှိတွင် ဆေးခန်းအတွင်း ဆက်လက်ကုသရန် ဆေးပစ္စည်းမလုံလောက်မှုကြောင့် လှိုင်း ဘွဲမြို့နယ်ရှိ ကေအဲန်ယူ၏ ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန(KDHW)ဆေးရုံသို့ လွှဲပြောင်းပေးလိုက်ပြီး ဖြစ်ကြောင်း အကူအညီပေးသူ လူငယ်တစ်ဦးက ပြောသည်။

၎င်းက”မနေ့ကသွေးလိုတော့ နော်သခီးဆေးခန်းကအကူညီတောင်းလာတော့ လူနှစ်ယောက်ရှာပြီးတော့ သွေးသွား လှူလိုက်တယ်။ ဆေးခန်းမှာ မပြည့်စုံလို့ ကားရှာပြီး မော်ပယ်ခို ဆေးရုံကို ပို့လိုက်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ဒေသခံမိုင်းနင်းမိရာ နေရာဖြစ်သည့် ဝါကလုကျိုးနေရာအနီးတွင် စစ်ကောင်စီလက်အောက်ခံနယ်ခြားစောင့် (BGF)တပ် စခန်းတစ်ခုရှိကြောင်း ဒေသခံများက ပြောဆိုပြီး ယခုနင်းမိသည့် မိုင်းသည် မည်သည့်အဖွဲ့အစည်းက ထောင် ထားသည်ကို ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရသေးပေ။

ထို့အတူ ကော့ကရိတ်မြို့အနီး ကော့နွဲကျေးရွာနှင့် ကော့ကရိတ်မြို့အဝင်လမ်းများတွင် စစ်ကောင်စီတပ်နှင့် ၎င်း၏ လက် အောက်ခံ (BGF)တို့ တပ်စခန်းချထားသော ကျေးရွာများအနီးတွင် မြေမြှုပ်မိုင်းအများအပြား ထောင်ထားခြင်းကြောင့်လည်း နေရပ်မပြန်ရဲသေးသည့် ဒေသခံအများအပြားရှိကြောင်း ဒေသခံများက ပြောဆိုသည်။

မိုင်းနင်းမိသူ စောကျော်ဒါးဘိုသည် မိသားစု စားဝတ်နေရေးအတွက် ကျေးရွာအနီးနားရှိ တောတောင်များတွင် မိုး တွင်းကာလ မျှစ်ချိုးရာသီဖြစ်၍ မျှစ်နှင့်ဒေသထွက် တောတွင်း သီးနှံများကို ရှာဖွေရောင်းချပြီး သားသမီး ၅ ဦးနှင့် ဇနီးသည်ကို ရှာဖွေလုပ်ကျွေးနေသူတစ်ဦးဖြစ်ကြောင်း နီးစပ်သူဆွေ‌မျိုးများက ဆိုသည်။

အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလက သံတောင်မြို့နယ် သပြေညွန့်ကျေးရွာနေ အမျိုးသမီးတစ်ဦးသည်လည်း တောတွင်း ထင်းသွားခုတ်စဥ် မိုင်းနင်းမိ၍ ဘယ်ဘက်ခြေထောက်ပြတ်ထွက်ကာ ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ဆေးကုသမှုခံယူနေ‌ရသည့် ဖြစ်စဉ်မျိုး ရှိခဲ့သည်။