ဇွန်လ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်နီပြည်နယ်နှင့် ထိုင်းနယ်စပ်မယ်စဲ့မမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၂ ခုကို ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီးနောက် ဖြစ်ပေါ်လာသည့် နှစ်ဖက်တိုက် ပွဲဖြစ်စဉ်ကြောင့် နယ်မြေခံစစ်ဘေးရှောင်ပြည်သူ ၃၄၀၀ ခန့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးခိုလှုံနေရ ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG)၏ ဒါရိုက်တာ ဦးဗညားခွန်အောင်က ပြောသည်။
အဆိုပါ တိုက်ပွဲမတိုင်ခင်ကာလကတည်းက စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒီမော့ဆို၊ ဖယ်ခုံ၊ မိုးဗြဲနှင့် ဘောလခဲ စသည့် ဒေသခံပြည်သူများက ကရင်နီ-ထိုင်းနယ်စပ် စစ်ရှောင်စခန်း များအတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လတ်တလော နယ်စပ်တိုက်ပွဲ များလည်း ထပ်မံဖြစ်ပွား သောကြောင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ ကျေးရွာများထဲသို့ ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ဦးဗညားခွန်အောင်က ယခုလိုပြောသည်။
၎င်းက “မဲ့ဟောင်ဆောင်ခရိုင်အတွင်းမှာရှိတဲ့ မြို့နယ်တွေထဲကို ရွှေ့သွားတာပါ။ စစ်ဘေးရှောင် အနည်း ဆုံး ၃၄၀၀ လို့ ထိုင်းဘက်ခြမ်းက ပြောလာတာရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစတုန်းကလည်း ဒီမောဆိုက ပြည်သူတွေလည်း ဒီနယ်စပ်ဘက်ကို ပြေးလာတာရှိတယ်။ ဒီမောဆို၊ ဘောလခဲ မြို့နယ် ထဲက လူတွေက နယ်စပ်ဘက်ကို စစ်ရှောင်သွားတာပါ။ စစ်ရှောင်ပြီးတော့မှ အခုနယ်စပ်ဘက်မှာ တိုက်ပွဲဖြစ်တော့ ထိုင်းနိုင်ငံ ထဲကို ဝင်သွားတာပါ။ အဲ့ကြောင့်မို့ ကျနော်တို့ စစ်ရှောင်တွေက လွန်ခဲ့တဲ့ ၃ လလောက်ကနေ ရွှေ့တဲ့လူတွေရှိ တယ်”ဟုပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်များက တိုက်ပွဲနှင့်မသက်ဆိုင်သည့် စစ်ဘေးရှောင်ပြည်သူများ၏ ယာယီ စခန်းများအတွင်းသို့ လက်နက်ကြီးပစ်ခတ်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများလည်း လုပ်ဆောင် လျက်ရှိနေကြောင်း သက်ဆိုင်ရာအဖွဲ့အစည်းများ၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရသည်။
ထိုသို့ တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ပြောင်းရွှေ့ စစ်ဘေးရှောင်ခဲ့ကြသည့် စစ်ဘေးရှောင်ပြည်သူများ အနေဖြင့်လည်း အစားအသောက်နှင့် နေရာထိုင်ခင်း အခက်အခဲ များရှိနေသည်ဟုလည်း (KnHRG) ဒါရိုက်တာ ဦးဗညားခွန်အောင်က ဆက်ပြောသည်။
“ရွှေ့လိုက်တဲ့နေရာတွေက စစ်ရှောင်တွေ ကော်မတီတွေလည်း လက်လှမ်းမမှီတဲ့နေရာလည်း ရှိသလို တချို့နေရာတွေက ဖုန်းလိုင်းမရှိဘူး။ ထိုင်းဘက်ခြမ်းမှာ တချို့တကယ့်ခေါင်တဲ့ရွာမှာလည်း ဖုန်းလိုင်း မရှိဘူး။ ထိုင်းကလည်း အတွင်းပိုင်းကို တအားကြီး ပေးမဝင်ဘူး။ တစ်ချို့နယ်စပ်ရွာ လောက် ကပဲ ခဏလေး ခိုလှုံခွင့် ပေးတယ်ဆိုတဲ့ပုံစံမျိုးပဲ ကြားသိရပါတယ်” ဟု ဦးဗညားခွန်အောင်က ဖြည့်စွက် ပြောသည်။
ထိုသို့ ထိုင်းနယ်စပ်ဘက်ခြမ်းရှိ မဲ့ဟောင်ဆောင်ခရိုင်အတွင်းသို့ လာရောက်တိမ်းရှောင်နေရသည့် လူဦးရေနှင့် နေရာချပေးထားမှု ဓာတ်ပုံမှတ်တမ်းများကိုလည်း AEC NEWS ထိုင်းသတင်းဌာနတွင် ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရသည်။
ကရင်နီပြည်နယ်တစ်ခုလုံး အတိုင်းအတာအနေဖြင့် နှစ်ဖက်တိုက်ပွဲများအပြင် စစ်ကောင်စီတပ်၏ လေ ကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံပြည်သူပေါင်း ၂ သိန်းခွဲဝန်းကျင်ရှိလာပြီးဟုလည်း စစ်ဘေးရှောင်ကူညီသူများ၏ ပြောဆိုထားမှု အရ သိရသည်။



















