ဇွန်လ ၂၆ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ၊ တပ်မဟာ(၅)၊ မူတြော်(ဖာပွန်) ခရိုင်ထဲတွင် ဇွန်လ ၁၆ရက်နေ့မှ ၂၂ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားသည့် (၇)ရက်တာအတွင်း စစ်ကောင်စီတပ်ဘက်မှ (၂၆)ဦး သေဆုံးခဲ့သည်ဟု ကေအဲန်ယူ မူတြော်သတင်းစဉ်မှ ဇွန်လ ၂၅ရက်နေ့ရက်စွဲနှင့် ထုတ်ပြန်သည်။
မူတြော်ခရိုင်အတွင်းရှိ လူသော၊ ဒွယ်လိုး၊ ဘူးသိုစသည့်မြို့နယ်ထဲတွင် (၇) ရက်တာအတွင်း ကရင်အမျိုးလွတ် မြောက်ရေးတပ်မတော်-KNLA နှင့် စစ်ကောင်စီတပ်ကြား ထိတွေ့တိုက်ပွဲပေါင်း (၃၅)ကြိမ်ရှိရာ စစ်ကောင်စီတပ် ဘက်မှ ၂၆ ဦး သေဆုံးသည့်အပြင် ၉ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူ၏ သတင်းစဉ်က ဆိုထားသည်။
၎င်းအပြင် ထိတွေ့တိုက်ပွဲထဲတွင် ရှေ့တန်းစစ်မြေပြင်အတွင်း စစ်ကောင်စီ၏ ရိက္ခာနှင့် လက်နက်ပစ္စည်းများကို သယ်ဆောင်ပေးရာတွင် အသုံးပြုသည့် စစ်ကောင်စီ မြင်းလား (၁၄)ကောင်သေဆုံးပြီး (၁)ကောင်ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်းလည်း ထုတ်ပြန်ထားသည်။
အဆိုပါ (၇) ရက်တာ ဖြစ်ပွားသည့် တိုက်ပွဲထဲတွင် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများသော်လည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLAဘက်မှ ထိခိုက်ကျဆုံးမှုမရှိကြောင်း ထုတ်ပြန်ထား ချက်အရသိရသည်။
မူတြော်ခရိုင်ထဲတွင် တိုက်ပွဲ နေ့စဉ်ဖြစ်ပွားလျက်ရှိရာ ဇွန်လ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ လဝက်အတွင်း စစ်ကောင်စီနှင့်ထိတွေ့တိုက်ပွဲပေါင်း (၇၁) ကြိမ်ရှိကာ စစ်ကောင်စီဘက်မှ (၄၅) ဦးသေဆုံးပြီး (၁၃) ဦးထိခိုက် ဒဏ်ရာရရှိခဲ့သေးကြောင်းလည်း မူတြော်ခရိုင်က ဆိုထားသေးသည်။
ထို့အပြင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် မူတြော်ခရိုင်ထဲတွင် စစ်ကောင်စီ၏ ထောက်ပို့ ကားလမ်းကြောင်းများကို KNLAဘက်မှ မကြာခဏ မိုင်းဆွဲဖျက်ဆီးသည့်အတွက် စစ်ကောင်စီဘက်မှ ရိက္ခာ သယ်ဆောင်ရာတွင် မြင်းလားများကို ပိုမိုအသုံးပြုသောကြောင့် စစ်ကောင်စီ၏ မြင်းလား အများအပြား ထိခိုက်သေဆုံးသွားခဲ့ကြောင်းလည်း ကေအဲန်ယူ၏ ထုတ်ပြန်ထားခဲ့သည့် ထုတ်ပြန်ချက်အရသိရသည်။



















