ဇွန်လ ၂၆ ရက်၊ ၂၀၂၃ ခုနှစ်
နန်းဝေဖြိုးဇာ
“ကိုယ့်ကို ဖိနှိပ်နေတဲ့ လူမှုပတ်ဝန်းကျင်ထဲကနေ ရုန်းထွက်နိုင်ခဲ့လို့ ကိုယ်လုပ်ချင်တာကိုလုပ်လို့ရတယ်။ ကိုယ်ဝတ်ချင်တာကို ဝတ်လို့ရတယ်။ ပတ်ဝန်းကျင်စကားနားထောင်ရင်တော့ သိမ်ငယ်မှုတွေနဲ့ပဲ နေရမယ်” ဆိုပြီး ပြောလာသူကတော့ အမျိုးသားကနေ အမျိုးသမီးလိင်စိတ်ခံယူထားတဲ့ နော်သဒေါ့ပဲ ဖြစ်ပါတယ်။
နော်သဒေါ့ဟာ အသက် ၂၂နှစ်သာ ရှိသေးပေမယ့် နုပျိုဖွံ့ဖြိုးတဲ့ ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်ပါတယ်။ အမျိုးသားအ ဖြစ် မွေးဖွားလာခဲ့ပေမယ့် အမျိုးသမီးလိင်စိတ်ခံယူထားတာကြောင့် အနီးဝန်းကျင်ကလူတွေရဲ့ ကဲ့ရဲ့ပြောဆို တာတွေ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါကြောင့် ယခင်က အမျိုးသမီးလို ဝတ်ဆင်မရဲခဲ့ဘဲ အရွယ်ရောက်လာမှသာ အမျိုးသမီးတစ်ဦးလို ဝတ်ဆင်နေထိုင်ရဲလာတာဖြစ်တယ်လို့ သူမက ဆိုပါတယ်။
“အစက သူများကဲ့ရဲ့မှာကြောက်လို့ မိန်းကလေးလို ဝတ်ချင်ပေမယ့်လည်း မိန်းကလေးလိုတောင် မဝတ်ရဲ ဘူး။ အခုတော့ ကျမ ဘယ်သူ့ကိုမှ ဂရုမစိုက်တော့ဘူး။ ဝတ်ချင်တာဝတ်တယ်။ လုပ်ချင်တာလုပ်တော့ ကိုယ့် အတွက် အဆင်ပြေလာတယ်။”လို့ ပြောပါတယ်။
အဲသလို လူမှုပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ပြောဆိုမှုတွေကို လျစ်လျူရှုထားနိုင်ခဲ့တာကြောင့် သူမဟာ အမျိုးသမီးလို အွန်လိုင်းပေါ်မှာ တိုက်ရိုက် Live လွှင့်ပြီး စျေးရောင်းတာတွေလုပ်လာတော့ အခုဆိုရင် ကရင်လူမှုအသိုင်းအ ဝိုင်းမှာ လူသိများလာပြီး အားပေးချစ်ခင်တဲ့သူတွေလည်း များလာနေပါတယ်။
အဲဒါအပြင် အင်တာနက်ခေတ်ရောက်လာနေတဲ့ကာလမှာ လူတွေရဲ့ နေ့စဉ်လုပ်ဆောင်ချက်၊ ခံစားချက်တွေ ကို အွန်လိုင်းပေါ်မှာတင်လာကြသလို တချို့မှာ သူတို့ရဲ့ဖြစ်တည်မှု နေထိုင်မှုပုံစံတွေကို ပွင့်ပွင့်လင်းလင်း တင်ပြ၊ ချပြရဲလာတာ တော်တော်များများတွေ့လာနေရပါတယ်။
ဒါတွေမကဘဲ LGBT(Lesbian, Gay, Bisexual, and Transgender) အရေးတွေတောင်းဆိုနေကြတာရှိသလို ဘဝတူ LGBTအများအပြားရှိနေတာကို အွန်လိုင်းပေါ်တွင်မကဘဲ အပြင်တွေမှာလည်း အများအပြားတွေ့လာနေရတာကြောင့် အားအင်တွေရခဲ့တယ် လို့ နော်သဒေါ့ကဆိုပါတယ်။
“ယောက်ျားလေးခန္ဓာကိုယ်နဲ့ မွေးဖွားလာတော့ မိန်းကလေးလိုနေချင်ပေမယ့်လည်း အရင်တုန်းကဆိုရင် မနေရဲဘူး။ အခု မိန်းကလေးစိတ်ပေါက်ရင် မိန်းကလေးလိုနေတဲ့လူအများကြီးတွေ့လာတော့ ကိုယ်လည်း ကဲ့ရဲ့မယ့် ပတ်ဝန်းကျင်စကားကို ဂရုမစိုက်တော့ဘူး ကိုယ်နေချင်တဲ့အတိုင်း နေတယ်။ နေခွင့်ရတော့ စိတ်ချမ်းသာရတယ်။”ဟု သူမကပြောပါတယ်။
သူမဟာ အမျိုးသားခန္ဓာကိုယ်နဲ့ အမျိုးသမီးစိတ်ဖြစ်နေတာကြောင့် လူမှုပတ်ဝန်းကျင်ရဲ့ကဲ့ရဲ့ဒဏ်ကို သူမများစွာဖြတ်ကျော်ခဲ့ရသလို ကျောင်းနေချိန်မှာလည်း အခြားယောက်ျားလို ဘော်ဒါဆောင်တစ်ခုတည်းနဲ့ နေထိုင်လို့အဆင်မပြေတာကြောင့် ဘော်ဒါဆောင်မှာသွားထားရင် သူမ အမြဲငြင်းဆိုခဲ့ရပါတယ်။
ရပ်ရွာမှာနေထိုင်တဲ့ ရှေးရိုးစွဲလူကြီးပိုင်းတွေဟာ ခေတ်နဲ့အညီ မလိုက်နိုင်ဘဲ ရှေးရိုးစွဲ အယူဆကြီးနေတာကြောင့် ရပ်ရွာတွေထဲမှာ ကြီးပြင်းလာတဲ့ လိင်စိတ်ကွဲပြားသူ မိန်းမလျာတွေဟာ မြို့ထဲမှာနေရတဲ့လူတွေထက် ပိုမိုအတိုက်အခံများနေတယ်လို့ နော်သဒေါ့က ဆိုပါတယ်။
“အမေတွေက သူတို့သားသမီးဖြစ်တဲ့အတွက် ဒါကိုသူတို့လက်ခံပေးပေမယ့်လည်း ဆွေမျိုးတွေကတော့ လုံးဝကို သူတို့လက်ခံပေးလို့မရဘူး။ တစ်ရွာလုံးမှာ တစ်ယောက်စနှစ်ယောက်စပဲ ရှိနိုင်တဲ့ ကျမတို့လို LGBTတွေက တော်တော်ကို အပြောခံရတယ်။ ရုန်းမထွက်ခင်အချိန်ထိ တစ်ခါတစ်လေ ကိုယ့်ကို သတ်သေချင်လောက်အောင်ဖြစ်ခဲ့ဖူးတယ်”ဆိုပြီး သူမကပြောပါတယ်။
မြန်မာနိုင်ငံမှာ ဘာသာရေးအယူဝါဒ၊ ရှေးရိုးစွဲအယူဝါဒတွေကြောင့် သားယောက်ျားလေး မွေးလာရင် မွန်မြတ်ပြီး ရဟန်းဒကာ ရဟန်းအမ ဖြစ်ရမယ်ဆိုပြီး ဂုဏ်ယူနေကြတာရှိသလို သားယောက်ျားလေးက မိန်းကလေးလို ပြုမှုနေထိုင်ရင် ယခင်ဘဝက သူများသားမယားအပေါ် အဓမ္မကျင့်ကြံမှု ပြုလုပ်ခဲ့တဲ့ အကုသိုလ်ကြောင့် ယခုဘဝ မိန်းမလျာဖြစ်လာတယ်ဆိုပြီး ပတ်ဝန်းကျင်က နှိမ့်ချပြောနေကြတာ ရှိနေပါတယ်။
အဲဒီလိုလွှဲမှားနေတဲ့ ရှေးရိုးစွဲအတွေးအမြင် အယူအဆတွေကြောင့် ရပ်ရွာထဲမှာ ကြီးပြင်းလာရတဲ့ လိင်စိတ်ခံယူမှုကွဲပြားနေတဲ့ LGBTတော်တော်များများဟာ သိမ်ငယ်မှုနဲ့ ကြီးပြင်းလာခဲ့ရပါတယ်။
ဒါ့အပြင် မြန်မာရုပ်ရှင်ဇာတ်ကားတွေထဲမှာဖြစ်စေ၊ ဇာတ်သဘင်တွေထဲမှာဖြစ်စေ လူအများ စိတ်ဝင်စားမှု ရှိစေဖို့အတွက် LBGT ဇာတ်ရုပ်၊ သရုပ်ဆောင်တွေကို ထည့်သွင်းခဲ့သလို အဆိုပါထည့်သွင်းတဲ့ ဇာတ်ရုပ်တွေ မှာလည်း လူအများ လှောင်ပြောင်ရယ်မောစေတဲ့ ဇာတ်ရုပ်ကိုသာ ထည့်သွင်းခဲ့တာများပါတယ်။
အဲဒီလို ထည့်သွင်းခဲ့တဲ့ ဇာတ်ရုပ်တွေကြောင့် လက်တွေ့ဘဝမှာရှိတဲ့ LGBT အတွက် ရိုက်ခတ်မှုရှိသလို အများရဲ့အတွေးတွေထဲမှာ LGBT ဟာ ချို့ယွင်းချက်ရှိတဲ့သူဆိုပြီး သဘောထားခဲ့တာရှိနေတယ်လို့လည်း LGBT တစ်ဦးဖြစ်တဲ့ ကရင်လူငယ် စအိုင်စူးကလည်း ဆိုပါတယ်။
“ရုပ်ရှင်ကားတွေထဲမှာ ရိုက်ပြမယ်ဆိုလို့ရှိရင် အခြောက်မဆိုရင်အတင်းလိုက်ပြောနေမယ်။ မျက်နှာမှာ ပါးကွက်ကြားကွက်ပြီး ထဘီရင်လျားနဲ့ အမြဲတမ်း လင်တရူးနေမယ် ဟာသအနေနဲ့ရိုက်တာ။ ပေါက်လည်း ပေါက်ပါတယ်။ ဒါပေမယ့် တကယ့် လက်တွေ့ဘဝမှာ ကိုယ့်ရဲ့မိသားစုအတွက် ပြန်လည်ထောက်ပံ့နေတဲ့ Gay တွေ အများကြီးရှိတယ်။ သူတို့တတ်ထားတဲ့ပညာတွေနဲ့ပေါ့။ အဲဒီအကြောင်းကျတော့ လူတွေမသိဘူး၊ သူတို့စိတ်ထဲမှာ Gay ဆိုရင် သူများအတင်းလိုက်ပြော၊ သုံးစားလို့မရဘူး အဲလိုပဲထင်ကြတယ်”ဟု စအိုင်စူးက ပြောပါတယ်။
ယခုအချိန်မှာ ထူးချွန်ပြီး အောင်မြင်ကျော်ကြားတဲ့ LGBT အများအပြား ပေါ်ထွန်းလာသလို LGBT ဟာ ထူးထူးခြားခြား ပိုတော်တာတွေရှိတယ်လို့ အချို့က ထင်ကောင်းထင်ကြပေမယ့်လည်း အောင်မြင်ဖို့အတွက် တစ်ခြားသူတွေထက် ပိုကြိုးစားခဲ့ရသလို ပိုပြီးလည်းတိုက်ခိုက်ခံခဲ့ရပါတယ်လို့ စအိုင်စူးကဆိုပါတယ်။
“ကိုယ်တွေက မွေးလာကတည်းက LGBTဖြစ်လာတဲ့အခါမှာ လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းက နဂိုထဲက ရှုံ့ချချင်တယ်။ ဒီနိုင်ငံရဲ့လူတစ်ချို့ရဲ့အတွေးတစ်ခုက LGBTဖြစ်ပြီးဆိုရင် အသုံးမကျတဲ့သူတွေလို့ပဲ မြင်ကြ တယ်။ အဲဒီအမြင်ကို ကိုယ်တွေက လက်မခံနိုင်တဲ့အတွက် Gay ဖြစ်ပေမယ့်လည်း လုပ်နိုင်စွမ်းတွေရှိတယ် ဆိုတာ သက်သေပြချင်တယ် အဲဒါကြောင့် ပိုပြီးကြိုးစားရတယ်။ LGBTတွေက ပိုတော်တယ်ဆိုတာက ပိုကြိုးစားနေလို့ဖြစ်တယ်”ဟု စအိုင်စူးက ပြောပါတယ်။
လူမှုပတ်ဝန်းကျင်တွေထဲမှာလည်း ကလေးတစ်ယောက်ရဲ့ လိင်စိတ်ကွဲပြားမှုကို မသိခင်အရွယ်ကတည်းက နွဲ့နွဲ့နှောင်းနှောင်းနေတတ်တဲ့ ယောက်ျားလေးတွေကိုတွေ့နေရင် “အခြောက်” ပါဆိုပြီး သတ်မှတ်ပြောဆို နေကြတာတွေက မြန်မာနိုင်ငံမှာရှိတဲ့ နေရာတော်တော်များများတွေမှာ တွေ့နေရပါတယ်။
အဲဒီလို လူမှုပတ်ဝန်းကျင်ရဲ့ကဲ့ရဲ့တဲ့ ဒဏ်ကို ခံနေရတဲ့အပြင် ကျောင်းတက်ပညာသင်ယူနေတဲ့ အချိန်တွေမှာ လည်း အပေါင်းဖော်သူငယ်ချင်းတွေရဲ့ ဝိုင်းဝန်းလှောင်ပြောင်ပြောဆိုနေတာကိုလည်း မြန်မာပြည်မှာရှိတဲ့ လိင်စိတ်ခံယူမှုကွဲပြားသူ LGBT တော်တော်များများက ခံစားနေကြရပါတယ်။
လူငယ်တစ်ဦးဖြစ်တဲ့ စောကောင်းက “ကျနော်တို့လည်း ငယ်ငယ်တုန်းကဆိုရင် အဲဒီလို မိန်းကလေးလိုနေတဲ့ ယောကျ်ားတွေကိုတွေ့ရင် လိုက်စချင်တယ်။ အခြောက်ဆိုပြီး လိုက်စခဲ့တယ်။ ဒါပေမယ့် အခုချိန်မှာတော့ သူတို့ကို လိုက်စမိတာ နောင်တရတယ်။ သူတို့လည်း လူထဲကလူပါပဲ။ ကိုယ်တွေစနောက်ခဲ့တာတွေက ကိုယ့်အတွက် ဘာမှမဟုတ်ပေမယ့်လည်း သူတို့ ဘယ်လောက်တောင် ခံစားရမလဲ၊ ရှက်နေမလဲဆိုတာ အခုအချိန်မှာတော့ သူတို့အတွက် စာနာတတ်လာတယ်။”လို့ ပြောပါတယ်။
လူမှုကွန်ရက်အင်တာနက်စာမျက်နာကနေတစ်ဆင့် ထင်ပေါ်ကျော်ကြားတဲ့ LGBT တွေရဲ့လှုပ်ရှားမှု အင်တာဗျူးတွေကို တွေ့ရှိများလာတာကြောင့် တချို့ဟာ LGBTတွေကို နားလည်ပေးနိုင်တဲ့လူတွေရှိသလို LGBT ဘဝကို လက်ခံမပေးနိုင်တဲ့သူတွေ ရှိနေဆဲပဲ ဖြစ်ပါတယ်။
ဒါ့အပြင် LGBT ရဲ့ သင်္ကေတအရောင်တစ်ခုဖြစ်တဲ့ Rainbow အရောင်ကိုလည်း LGBT မဖြစ်တဲ့သူဖြစ်စေ၊ ဖြစ်တဲ့သူဖြစ်စေ လက်ခံအသုံးပြုကြပေမယ့်လည်း တချို့ကတော့ လှောင်ပြောင်နေကြတဲ့သူတွေ ရှိနေဆဲ ဖြစ်တယ်လို့ စအိုင်စူးက ဆိုပါတယ်။
“ဟိုတစ်ခါက ကရင်အင်္ကျီထုတ်တာ LGBT သင်္ကေတ Rainbow အရောင်ကိုထုတ်ရောင်းကြတော့ တချို့က ဒါက ရိုးရာယဉ်ကျေးမှုကို ဖျက်ဆီးတယ်၊ မအပ်စပ်ဘူးဆိုပြီးတော့ တိုက်ခိုက်တာတွေရှိခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းတော့ လူငယ်အချို့က သဘောကျတာ တွေ့နေရတာရှိတယ်”ဟု သူက ပြောပြတယ်။
ခေတ်ကာလတိုးတက်လာသည်နှင့်အမျှထူးချွန်အောင်မြင်နေတဲ့ LGBTတွေ အများအပြားတွေ့လာနေရသလို LGBT ဖြစ်ရင်လည်း ဖြစ်ကြောင်းကို အခုနှစ်နှောင်းပိုင်းတွေမှာ ပွင့်ပွင့်လင်းလင်း ချပြရဲလာတာကိုလည်း တွေ့လာနေရပါတယ်။
စအိုင်စူးကတော့ “LGBT ဟာ ကိုယ့်ဆီမှာ ဖြစ်တည်လာခဲ့ပြီး ဖြစ်ချင်လွန်းလို့၊ လိုချင်လွန်းလို့၊ လိုချင်လွန်းလို့ လည်း တကူးတက လုပ်ယူထားတာမဟုတ်တဲ့အတွက် ကိုယ့်ဖြစ်တည်မှုကို ကိုယ်လက်ခံဖို့အရေးကြီးတယ်။ ဖြစ်တည်မှုကို လက်ခံပြီးမှ ကိုယ့်ဘဝအတွက် အဆင်ပြေအောင်ဘယ်လိုဆက်လုပ်ရမလဲဆိုတာ ဆက်လုပ်ရ မှာ ဖြစ်တယ်”ဟု ပြောပါတယ်။
သို့ပေမယ့်လည်း ကျေးလက်မှာနေထိုင်တဲ့ တချို့LGBTတွေဟာရှေးရိုးစွဲ အယူဝါဒတွေကြောင့် ပွင့်လင်းမြင် သာစွာ နေထိုင်မရဲကြသလို အလုပ်အကိုင်အခွင့်အလမ်းတွေမှာလည်း သူတို့အတွက် နည်းပါးနေဆဲရှိနေပါ သေးတယ်။
ကျားမတန်းတူရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် LGBT အရေး ဆောင်ရွက်နေသူ နေလင်းထိုက်(ထိုက်ထိုက်) ကတော့ “မြို့ပြမှာနေထိုင်တဲ့ LGBTတွေက သူတို့ရဲ့ဖြစ်တည်မှုကို ချပြရဲတယ်။ သူများအတွက် သိပ်မဆန်း ပေမယ့်လည်း ကျေးလက်မှာနေထိုင်တဲ့ LGBT ဆိုရင် သူ့ရဲ့ဖြစ်တည်မှုကို ပွင့်ပွင့်လင်းလင်း၊ ပေါ်ပေါ်လွင်လွင် နေထိုင်ဖို့က မလွယ်လောက်ဘူး”လို့ ပြောပါတယ်။
အမျိုးသမီးစိတ် တိမ်းညွှတ်နေတဲ့ အမျိုးသားတွေကို တချို့က လှောင်ပြောင်ပြောဆိုနေတာမကဘဲ ကိုယ်ထိ လက်ရောက် မဖွယ်မရာ ကျူးလွန်နေခဲ့တဲ့အထိ တချို့က တွေ့ကြုံရင်ဆိုင်နေရတာ ရှိနေပါတယ်။
တချို့မှာ ဆိုရှယ်မီဒီယာကို အသုံးပြုပြီး LGBTတွေကို စိတ်လွှတ်ဝေဖန် လှောင်ပြောင်နေကြတာတွေလည်း လူမှုအသိုင်းအဝိုင်းမှာ အများကြီး တွေ့လာနေရပါတယ်။
အင်တာနက်ခေတ်ဖြစ်ထွန်းလာတဲ့ကာလမှာ LGBT ရဲ့ဖြစ်တည်မှု ပုံစံမျိုးစုံရှိတာကို လူသိများလာတဲ့ အားကောင်းချက်တစ်ခုရှိသလို အင်တာနက်ပေါ်မှာ LGBT တွေကို ရေးသားတဲ့ တချို့သောအမြင်၊ မှားယွင်း တဲ့ အယူအဆနဲ့ အမုန်းစကားတွေ ပါလာတာကြောင့် ဆိုးကျိုးတွေလည်းရှိနေပါတယ်လို့ ကျားမရေးရာကျွမ်း ကျင်ပညာရှင် ထိုက်ထိုက်က ဆက်ပြောပါတယ်။
၎င်းက “အင်တာနက်ရဲ့အားနည်းချက်ရှိသလို အားသာချက်လည်းရှိနိုင်တယ်။ အထူးသဖြင့် အားနည်းချက် ထောက်ပြချင်တဲ့ဟာကတော့ ပြောဆိုတဲ့ ဟောပြောချက်တွေ၊ ရေးသားတဲ့ရေးသားချက်တွေဟာ အပြု သဘောဆောင်ဖို့လိုတယ်။ အပေါင်းသဘောဆောင်ဖို့ လိုတယ်။ အဲဒီအစား တစ်ခါတစ်လေမှာ အနုတ် သဘောဆောင်တဲ့ ရေးသားချက်၊ ဟောပြောချက်ဖြစ်လာရင်တော့ ဒါ ဆိုးကျိုးတွေဖြစ်နိုင်တယ်”လို့ ပြောပါ တယ်။
မြန်မာနိုင်ငံမှာ အာဏာမသိမ်းခင်ကတည်းက LGBTအခွင့်အရေးနဲ့ပတ်သက်ပြီး တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့ တာရှိသလို LGBTအရေးနဲ့ပတ်သက်ပြီး ကမ်ပိန်းတွေ၊ ဟောပြောပွဲတွေ၊ ပညာပေးတွေ လုပ်ဆောင်တာ ရှိခဲ့ပါ တယ်။
၂၀၂၁ခုနှစ် စစ်တပ်ဏာသိမ်းပြီးသည့်နောက်မှာတော့ စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး LGBT တွေဟာ ရှေ့ထွက် ဦးဆောင်ဆန္ဒ ဖော်ထုတ်တဲ့နေရာမှာ ပါဝင်ခဲ့တာကြောင့် စစ်ကောင်စီတပ်တွေက တက်ကြွလှုပ်ရှား နေတဲ့ LGBTတွေကို ဖမ်းဆီးထောင်ကျတာတွေ ရှိလာနေပါတယ်။
နိုင်ငံအတွင်းက အဲဒီလို တက်ကြွလှုပ်ရှားနေတဲ့ LGBT လူငယ်တွေကို စစ်ကောင်စီက လိုက်လံဖမ်းဆီးနေတာ ကြောင့် LGBT အရေး တက်ကြွလှုပ်ရှားနေတာလည်း ယခင်ကထက် နည်းလာပြီး LGBT အရေး အပါအဝင် လူ့အခွင့်အရေးတွေ အားလုံးကိုပါ ဆုံးရှုံးလာရတဲ့အထိ ဖြစ်လာပါတယ်။
သို့သော်လည်း လူမှုအသိုင်းအဝိုင်းတွေမှာ LGBTနဲ့ပတ်သက်ပြီး နားလည် လက်ခံဖို့ အတွက် နည်းမျိုးစုံနဲ့ ကြိုးစားရမှာဖြစ်ပြီး LGBT ဆိုတာ မှားယွင်းနေပါတယ်ဆိုပြီး ရေးသားချက်တွေ ပြောဆိုချက်တွေမလုပ်ဖို့ လည်း လိုပါတယ်လို့ နေလင်းထိုက်(ထိုက်ထိုက်)က ဆိုပါတယ်။
“LGBT ဆိုတာ သဘာဝအတိုင်း ဖြစ်တည်လာတယ်။ နဂိုမူလအတိုင်း ဖြစ်တည်လာတာ၊ မွေးရာပါ ဖြစ်ပါ တယ်ဆိုတဲ့ အဲဒီအရှိတရား၊ အမှန်တရားဖြစ်အောင် ပြောဆိုဖို့ လိုအပ်တယ်”လို့ ၎င်းက ပြောပါတယ်။



















